Home
မြန်မာသတင်း
ငွေစက္ကူအတု ထုတ်လုပ်ဖြန့်ဖြူးနေသူများကို ပုသိမ်တွင် ဖမ်းမိ
DVB
·
June 23, 2018
၁ သောင်းတန် နဲ့ ၅ ထောင်တန် ငွေစက္ကူအတုတွေကို ပရင်တာနဲ့ထုတ်ပြီး ဖြန့်ဖြူးအသုံးပြုနေသူ ၄ ဦးကို ဇွန် ၂၂ ရက်နေ့ မနေ့ညက ပုသိမ်မြို့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ငွေစက္ကူအတုတွေ ထုတ်လုပ်ရောင်းချတယ်ဆိုတဲ့ သတင်းရရှိတာကြောင့် ငွေစက္ကူအတုတွေ ထွက်မလာစေဖို့ ရဲတပ်ဖွဲ့ရဲ့ သတင်းပေးနဲ့ ငွေစက္ကူအတုတွေကို အစစ်နဲ့ လဲလှယ်မယ်ဆိုပြီး စည်းရုံးဆွဲဆောင်ခဲ့တယ်လို့ ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်စိုးက ပြောပါတယ်။ ဒီနောက် ပုသိမ် အမှတ် ၈ ရပ်ကွက် BT စားသောက်ဆိုင်မှာ ငွေလဲဖို့ ရောက်ရှိလာတဲ့ ညီညီအောင် နဲ့ အောင်နိုင်ဝင်းတို့ကို ရဲတပ်ဖွဲ့က စစ်ဆေးတဲ့အခါမှာ အောင်နိုင်ဝင်းရဲ့ ခါးကြားထဲက ငွေကျပ် ၆ သိန်းကျော်ဖြစ်တဲ့ ၁ သောင်းတန် ၁၂ ရွက်နဲ့ ၅ ထောင်တန် ငွေစက္ကူအတု ၉၉ ရွက်ကို သိမ်းဆည်းပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ဖမ်းဆီးရမိသူနှစ်ဦးကို စစ်ဆေးချက်အရ ငွေစက္ကူအတုတွေကို ပုသိမ်မြို့ အမှတ် ၁ ရပ်ကွက်မှာနေတဲ့ သန့်ဇော်ကိုဆီက ရရှိတယ်ဆိုတာကြောင့် နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာ ဇနီးဖြစ်သူ နန့်စမ်းစမ်းဖောင်နဲ့ လက်ရှိငွေစက္ကူအတုတွေ ထုတ်လုပ်နေတဲ့ Laptop၊ Printer၊ ပေတံ၊ ဓား၊ စက္ကူတွေနဲ့ ၁ သောင်းတန်အတု ၃ ရွက် နဲ့ ၅ ထောင်တန်အတု ၂၈ ရွက်တို့ကို ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ ရဲမှူး ခင်မောင်စိုးက ပြောပါတယ်။ အခုလို ငွေတုထုတ်လုပ်ဖြန့်ဖြူးတာနဲ့ ပတ်သတ်ပြီး ပုသိမ်နယ်မြေရဲစခန်းက မြန်မာနိင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁ဝ၅/၁ဝ၆ နဲ့ ညီညီအောင်၊ အောင်နိုင်ဝင်း၊ သန့်ဇော်ကို၊ နန့်စန်းစန်းဖောင်တို့ကို အမူဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024