၈၈ မျိုးဆက်ကျောင်းသားများ တရုတ်-မြန်မာနယ်စပ်ကို သွားရောက်လေ့လာ
အေးနိုင်
·
July 6, 2012
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပိုမိုတိုးတက်ဖြစ်ထွန်းစေဖို့ ကြိုးပမ်းချက်အဖြစ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ၄ ဦးဟာ တရုတ်-မြန်မာနယ်စပ်က ကချင်ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာနေပါတယ်။
ကိုမြအေး၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုထွန်းမြင့်အောင်နဲ့ ကိုစိုးထွန်းတို့ဟာ တရုတ်မြန်မာနယ်စပ် လိုင်ဇာဒေသကို ဒီနေ့ရောက်ရှိ လေ့လာနေတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။
“အဓိက ရည်ရွယ်ချက်ကတော့ ဒုက္ခသည်တွေရဲ့ အခြေအနေကို လေ့လာဖို့နဲ့ ဒေသမှာ တကယ်ဖြစ်ပျက်နေတဲ့ ငြိမ်းချမ်းရေး အခြေအနေတွေကို လေ့လာပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ပိုပြီးအားကောင်းလာအောင် တတ်နိုင်သလောက် ဆောင်ရွက်သွားမှာပါ။”
ခရီးစဉ်အသေးစိတ်ကို ပြန်လာမှထုတ်ပြန်မယ်လို့ ကိုကိုကြီးက ပြောပါတယ်။ အဲဒီအဖွဲ့ဟာ မနေ့တုန်းက ရွှေလီမြို့မှာ ပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက် ဆွေးနွေးပွဲတခုကို ဒေသခံအလုပ်သမားတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။
၈၈ မျိုးဆက် ကျောင်းသားတွေထဲက မနီလာသိန်းနဲ့ မမီးမီးတို့ဟာလည်း လွန်ခဲ့တဲ့လပိုင်းက အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ပြီး ဒုက္ခသည်စခန်းတွေကို သွားရောက် လေ့လာကူညီခဲ့ပါတယ်။
လိုင်ဇာမှာ ဌာနချုပ်ဖွင့်ထားတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဟာ ၁၇ နှစ်ကြာ အပစ်ရပ်ထားခဲ့ရာက မနှစ်က ဇွန်မှာ အပစ်ရပ်သဘောတူညီချက် ပျက်ပြယ်ခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၇ သောင်းလောက် ခိုလှုံနေရသလို အစိုးရနဲ့ ဆွေးနွေးပွဲတွေဟာလည်း အောင်မြင်မှုမရသေးပါဘူး။