Home
မြန်မာသတင်း
ရခိုင်လူ့အခွင့်အရေးကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့်ဖွဲ့စည်းပုံ သိရှိရန်မျှော်လင့်ဟု ဥရောပသမဂ္ဂပြော
DVB
·
June 23, 2018
ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်တာတွေကို စုံစမ်းဖော်ထုတ်မယ့် ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ဖွဲ့စည်းပုံ အသေးစိတ်ကိုသိရှိဖို့ မျှော်လင့်နေတယ်လို့ ဥရောပသမဂ္ဂက ကြေညာပါတယ်။ ဇွန်လ ၂၀ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပြီး ပွင့်လင်းမြင်သာတဲ့ စုံစမ်း ဖော်ထုတ်မှုတွေကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်မယ့် ကော်မရှင်လို့ သူတို့က သုံးနှုန်းထားပါတယ်။ ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သီးခြားကော်မရှင်ဖွဲ့စည်းဖို့ နိုင်ငံတော်သမ္မတရဲ့ ဆုံးဖြတ်ချက်ဟာ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ရာမှာ ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံယူရှိတဲ့ စုံစမ်းတာတွေဖြစ်ဖို့ ပံ့ပိုးပေးနိုင်မယ့် ခိုင်မာခြေလှမ်းတခုအဖြစ် ကြိုဆိုတယ်လို့ ဖော်ပြထားပါတယ်။ ပြီးတော့ ဇွန်လ ၆ ရက်နေ့က မြန်မာနိုင်ငံ အစိုးရ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့အကြား နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့တာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေ သူတို့ သဘောဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာနဲ့ နေရပ်ပြန်လည်အခြေချနိုင်စေမယ့် အခြေအနေတွေကို ဖန်တီးပေးနိုင်ဖို့ အရေးပါလိုအပ်တဲ့ ခြေလှမ်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ဥရောပသမဂ္ဂနဲ့အဖွဲ့ဝင် နိုင်ငံတွေဟာ ကုလသမဂ္ဂနဲ့ တခြားပြည်တွင်းနဲ့ နိုင်ငံတကာက မိတ်ဖက်အဖွဲ့အစည်းတွေကို ရခိုင်ပြည်နယ်အတွင်း အကန့်အသတ်မရှိ၊  နှောင့်နှေးကြန့်တာ မရှိစေဘဲ သွားရောက်ခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေအနေနဲ့ သူတို့သဘောဆန္ဒအလျောက် ပြန်လည်အခြေချနိုင်ရေးအတွက် ပွင့်လင်းမြင်သာဖို့ လိုအပ်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ နောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြထားတဲ့ အကြံပေးချက်တွေ အပြည့်အဝအကောင်အထည်ဖော်တာကို ဥရောပသမဂ္ဂက ထောက်ခံအားပေးတယ်လို့လည်း ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024