Homeမြန်မာသတင်း
နဘူးအိုင်-ဆီမီးခုံ ကျေးရွာချင်းဆက်လမ်း အမြန်ပြုပြင်ပေးရန် ဒေသခံများ တောင်းဆို
နဘူးအိုင်-ဆီမီးခုံ ကျေးရွာချင်းဆက်လမ်း အမြန်ပြုပြင်ပေးရန် ဒေသခံများ တောင်းဆို
DVB
·
June 23, 2018
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ နဘူးအိုင်-ဆီမီးခုံ ကျေးရွာချင်းဆက်လမ်းအား အမြန်ပြုပြင်ပေးစေလိုတယ်လို့ ဇွန် ၂၂ ရက်နေ့က ဖက်ပင်အိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က "ကျနော်တို့ အဓိက ဒီနယ်မြေအတွက် ဖွံ့ဖြိုးဖို့ဆိုရင် အရေးကြီးတာက လမ်းတွေကောင်းဖို့ပါပဲ။ ဒီလမ်းတွေ မကောင်းတော့ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတာပေါ့။ ကျေးရွာတွေမှာ ပရဟိတကားတွေ ရှိပေမယ့် ကျန်းမာရေးအတွက် သွားလာရာမှာ လမ်းမကောင်းတော့ အချိန်ကြန့်ကြာမှုတွေ အမြဲဖြစ်နေတယ်၊ ပညာရေးအတွက်လည်း သွားလာရတာ အခက်အခဲရှိတာပေါ့။ ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းကလည်း လမ်းမကောင်းလို့ တင်ပြခဲ့ဖူးပါတယ်၊ ဘာမှ ဖြစ်မလာပါဘူး။ ကျနော်တို့ ဒေသခံတွေ စုပေါင်းထည့်ဝင်ငွေနဲ့ လမ်းပြုပြင်တာတွေ ရှိပါတယ်။ ဒီလမ်းကို ပြုပြင်ဖို့အတွက် လက်ရှိအစိုးရမှ သက်ဆိုင်ရာဌာန အသီးသီးက တာဝန်ရှိသူတွေကို အမြဲ တင်ပြပြောဆိုခဲ့သော်လည်း ခုချိန်ထိ ဘာမှ ထူးခြားမလာပါဘူး” လို့ ပြောပါတယ်။
နဘူးအိုင် - ဆီမီးခုံ လမ်းပိုင်းအရှည်ဟာ ၉ မိုင်နဲ့ လမ်းအကျယ် ပေ ၁၀၀ ရှိကာ ပင်လယ်ကျေးရွာ၊ ကန်နီကျေးရွာ၊ ကျောက်တိုင်ကျေးရွာ နဲ့ ဖက်ပင်အိုင်ကျေးရွာတို့ ပါဝင်ပြီး ယင်းကျေးရွာများမှ အများပြည်သူတွေ သွားလာနေကြတဲ့ ကျေးရွာချင်း ဆက်သွယ်ထားတဲ့ လမ်းလည်း ဖြစ်ပါတယ်။
မြင်းခြံ အမျိုးသားလွှတ်တော်ကိုယ်စာလှယ် ဦးအောင်မျိုးလတ် က "ဒီလမ်းကို ၂၀၁၇-၁၈ ဘတ်ဂျက်မှာ ၁ မိုင် နဲ့ ၄ ဖာလုံ ခင်းထားခဲ့ပါတယ်။ လာမယ့် ၂၀၁၈ - ၁၉ ပြည်ထောင်စု ဘတ်ဂျက်မှာ လျာထားတာရှိပါတယ်၊ အတည်ပြုဖို့ပဲ ကျန်ပါတော့တယ်။ မိုင် အနည်းအများတော့ သေချာ မသိသေးတဲ့အတွက် ဘယ်လောက်ခင်းပေးမယ်ဆိုတာတော့ အတိအကျ မသိသေးဘူး။ လာမယ့် ဘတ်ဂျက်မှာတော့ သေချာသလောက် ဖြစ်ပါတယ်” လို့ ဒီဗွီဘီ ကိုပြောပါတယ်။
ဒါ့အပြင် မြင်းခြံ တောပု တလုပ် ဆီမီးခုံ လမ်းအပိုင်းကိုလည်း တိုင်းဒေသကြီး ဘတ်ဂျက်နဲ့ ပြန်လည် ပြုပြင်သွားမယ်လို့ ဆိုပါတယ်။
သတင်း ရီရီထွန်း ( မြင်းခြံ )