ဆော်ဒီ၊ ကာတာ နဲ့ ဖီဖာကမ္ဘာ့ဖလား ရုပ်သံလွှင့်ခွင့် အကြပ်အတည်း

၂၀၁၈ ခုနှစ် ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ရုပ်သံလွှင့်ခွင့်နဲ့ ပတ်သက်လို့ လူပြောအများဆုံးတခုကတော့ ဆော်ဒီအာရေဗျနိုင်ငံက ဂြိုဟ်တုရုပ်သံလိုင်း BeoutQ ဟာ ဖီဖာခွင့်ပြုချက်မရှိဘဲ ထုတ်လွှင့်နေတဲ့အကြောင်းဖြစ်ပါတယ်။ ဆော်ဒီဘောလုံးအသင်းက ၂၀၁၈ ကမ္ဘာ့ဖလားမှာ ယှဉ်ပြိုင်ခွင့်ရတယ်။ ကာတာနိုင်ငံက ခြေစစ်ပွဲမအောင်ပေမယ့် အရှေ့အလယ်ပိုင်းတခွင်လုံး ရုပ်သံထုတ်လွှင့်ခွင့်လိုင်စင် exclusive မူပိုင်ခွင့်ရထားတယ်။ ဆော်ဒီနဲ့ ကာတာ မတည့်ကြတော့ တရားဝင်မူပိုင်ခွင့်နဲ့ ထုတ်လွှင့်တဲ့ BeIN ဂြိုဟ်တုရုပ်သံလိုင်းကို ဆော်ဒီမှာ ပိတ်ပင်ထားတယ်။ ကမ္ဘာ့ဖလားပွဲတွေသာမက ပြီးခဲ့တဲ့ ဥရောပချန်ပီယန်ပွဲတွေကိုပါ တရားမ၀င်ရယူထုတ်လွှင့်နေတဲ့ BeoutQ ဆိုတာ ဆော်ဒီမှာရှိနေတယ်။ ဘောလုံးပွဲဝါသနာပါတဲ့ ဆော်ဒီနိုင်ငံသားတွေကတော့ သူ့နိုင်ငံလက်ရွေးစင်အသင်း ရုရှားမှာ ပြိုင်ပွဲဝင်နေတာကို ပြည်တွင်းအခမဲ့ ရုပ်သံမီဒီယာတွေကတဆင့် ဖြစ်ဖြစ် လစဉ်ကြေးပေး ရုပ်သံလိုင်းကပဲဖြစ်ဖြစ် ကြည့်ချင်ကြမှာပါပဲ။ ဒါပေမယ့် ဆော်ဒီရုပ်သံတွေက ရုပ်သံထုတ်လွှင့်ခွင့်လိုင်စင်မရဘဲ သူတို့နဲ့ရန်ဘက် ကာတာနိုင်ငံ ဒိုဟာအခြေစိုက် BeIN အခပေး အားကစား ရုပ်သံလိုင်းကပဲ အရှေ့အလယ်ပိုင်း အာဖရိကမြောက်ပိုင်း ၂၄ နိုင်ငံစလုံးအတွက် သီးသန့် မူပိုင်ခွင့်ရခဲ့ပါတယ်။ အဲဒီဂြိုဟ်တု စလောင်းစက် BeIN ရုပ်သံဖမ်းယူစက်တွေကို ဆော်ဒီအပါအ၀င် ကာတာရဲ့ ရန်ဘက်နိုင်ငံတွေက အရေးယူပိတ်ဆို့ခဲ့ပါတယ်။ အဲဒီနောက်တော့ BeoutQ လို့ ခေါ်တဲ့ ရုပ်သံလိုင်းကနေ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ခိုးယူထုတ်လွှင့်ပေးနေတဲ့အတွက် ဖီဖာအဖွဲ့ချုပ်ဘက်ကလည်း ကြေညာချက်တွေ ထုတ်ပြန်ကန့်ကွက်နေတဲ့ သတင်းတွေ ဆက်တိုက် မြင်တွေ့နေရပါတယ်။ ဆော်ဒီဘက်ကလည်း exclusive မူပိုင်ခွင့်မရတော့ပေမယ့် ဖီဖာအဖွဲ့ချုပ်ဆီက ၂၂ ပွဲစာ ငွေပေးဝယ်ယူဖို့ ကြိုးစားခဲ့သေးတယ်လို့ ကြားရပါတယ်။ ဒါပေမယ့် exclusive မူပိုင်ခွင့်ရထားတဲ့ ကာတာ BeIN ဘက်က ကန့်ကွက်လို့ အဆင်ပြေပုံမရပါဘူး။ ဆော်ဒီနဲ့ ကာတာ နိုင်ငံတွေကလည်း တိုက်ရိုက်ညှိနှိုင်းလို့ ရတဲ့ အခြေအနေမရှိတော့ ဖီဖာကနေ ကြားဝင်ဖို့ စီစဉ်ပါသေးတယ်။ ဆော်ဒီအသင်းပါဝင်တဲ့ ပွဲစဉ်တွေ ပြသခွင့်ရအောင် လုပ်ပေးမလား သို့မဟုတ် ပြန်လည်ထုတ်လွှင့်ခွင့် ဒေါ်လာ ၃၅ သန်းနဲ့  ဆော်ဒီကို ပြန်ရောင်းပေးမလားဆိုတာတွေ ညှိနှိုင်းပေးတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ဘာမှထူးခြားမလာခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ဆော်ဒီကနေ ဂြိုဟ်တုကတဆင့် ထုတ်လွှင့်နေတယ်လို့ ယူဆရတဲ့ BeoutQ လို့ခေါ်တဲ့ ဂြိုဟ်တုရုပ်သံလိုင်းက ကမ္ဘာ့ဖလားကို တဆင့်ပြန်လည်ပြသတဲ့ အခြေအနေဖြစ်လာခဲ့တာပါပဲ။ ကမ္ဘာ့ဖလားပြိုင်ပွဲကို တရားမ၀င်ထုတ်လွှင့်နေတဲ့အတွက် BeoutQ ကို အရေးယူမယ်လို့ ဖီဖာဘက်ကရော အာဖရိက ဘောလုံးအဖွဲ့ချုပ်ကရော ပြောပါတယ်။ MENA Region လို့ခေါ်တဲ့ အရှေ့အလယ်ပိုင်းဒေသနဲ့ မြောက်ပိုင်းအာဖရိကတခွင်မှာ BeoutQ ရုပ်သံလိုင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပွဲစဉ်တွေကို ဂြိုဟ်တုကတဆင့် ထုတ်လွှင့်ပြသနေတယ်ဆိုတာ သိရှိတဲ့အကြောင်းနဲ့ ဒါကို အားပေးနေပုံရတဲ့ တရားဝင် အဖွဲ့အစည်းတွေကိုလည်း အရေးယူမယ်လို့ ဖီဖာက ထုတ်ပြန်ခဲ့ပါတယ်။ အာဖရိက ဘောလုံးအဖွဲ့ချုပ်ကလည်း အာဖရိကဘောလုံးအသင်း ပါတဲ့ပွဲတွေကို တရားမ၀င်ထုတ်လွှင့်မယ်ဆိုရင် BeoutQ ကို အရေးယူဖို့ ဆုံးဖြတ်ထားတယ်လို့ ကြေညာပါတယ်။ ခုလိုဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကြောင့် ဆော်ဒီအာရေဗျနိုင်ငံမှာ ပိတ်ဆို့ခံရတဲ့ BeIN မီဒီယာအုပ်စုဟာ သူ့လိုင်းကို ကြည့်ရှုနေသူ ၉ သိန်းလောက်ဆုံးရှုံးခဲ့တယ်။ လစဉ်ကြေးပေးသွင်းသူ ၄၀ ရာနှုန်းလောက် လျော့ကျသွားတယ်လို့ သတင်းတွေမှာ တွေ့ရပါတယ်။ တအိမ်ကို ဒေါ်လာ ၁၀၀ ပဲဆိုရင်တောင် အိမ်ပေါင်း ၁ သန်းနီးပါးဟာ ဒေါ်လာ သန်း ၁၀၀ နီးပါး ဆုံးရှုံးပါလိ့မ်မယ်။ ဖီဖာကို အာခံပြီး ခုလို ပြန်လည်ထုတ်လွှင့်ပြသနေတဲ့ BeoutQ ဆိုတာ ချန်နယ် ၁၀ ခုပါဝင်တဲ့ ရုပ်သံလိုင်းဖြစ်ပြီးတော့ အရှေ့အလယ်ပိုင်းကောင်းကင်က Arabsat ကတဆင့် ဆော်ဒီအာရေဗျ နိုင်ငံအခြေစိုက် ထုတ်လွှင့်နေတယ်လို့ သတင်းထွက်ပါတယ်။ BeIN လိုင်းက ထုတ်လွှင့်နေတဲ့ အစီအစဉ်တွေကို ဖမ်းယူပြီး BeoutQ လိုင်းဟာ တရားမ၀င် တဆင့်ပြန်လည်ထုတ်လွှင့်နေတယ်လို့ လိုင်စင်ရထားတဲ့ BeIN ချန်နယ်ကလည်း ရှုတ်ချ ကြေညာခဲ့ပါတယ်။ BeIN ချန်နယ်က သူတို့ထုတ်လွှင့်နေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ Ticker လိုဂိုတွေ ထည့်သွင်းထုတ်လွှင့်ခဲ့ပေမယ့် BeoutQ က ပြန်လည်ပြသတဲ့အခါ အဲဒီလိုဂိုအပေါ်မှာ သူတို့ကိုယ်ပိုင်လိုဂိုတခု အုပ်ကာထားပြီး ပြန်လည်ထုတ်လွှင့်နေပုံတွေ Twitter မှာ ရှယ်ထားကြတာ တွေ့နေရပါတယ်။ Be In နဲ့ Be Out Qatar အာရပ်ကမ္ဘာ့ရဲ့ အကွဲအပြဲ BeoutQ ဆိုတဲ့ ဂြိုဟ်တုရုပ်သံလိုင်းဟာ တယောက်ယောက်ရဲ့ အိပ်ခန်းထဲက အပျော်သဘောလုပ်နေတာ မဟုတ်တဲ့အကြောင်းနဲ့ ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျခံထားပြီး ရုပ်သံထုတ်လွှင့်မှု ကျွမ်းကျင်အဆင့် အင်ဂျင်နီယာတွေက လုပ်နေတာပဲလို့ BeIN ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးက New York Times သတင်းစာကို ပြောပြဖူးပါတယ်။ BeIN ကုမ္ပဏီရဲ့ မူပိုင်ခွင့်ဌာနက စုံစမ်းတဲ့အခါမှာ ခုလိုတရားမ၀င် တဆင့် ထုတ်လွှင့်ပြသနေတာဟာ Arabsat အာရပ်ဂြိုဟ်တုတခု ဖြစ်နေတာရယ်၊ အဲဒီဂြိုဟ်တုပိုင်ဆိုင်တာဟာ အာရပ်ဂြိုဟ်တု ဆက်သွယ်ရေးအဖွဲ့အစည်းတခုဖြစ်ပြီး ဆော်ဒီမြို့တော် Riyadh မှာ အခြေစိုက်တာကို သိခဲ့ကြရပါတယ်။ ဒါကြောင့် အဲဒီ BeoutQ လိုင်းကို ဖြုတ်ချပေးဖို့ အာရပ်ဂြိုဟ်တုကုမ္ပဏီကို တောင်းဆိုခဲ့ကြပါတယ်။ Arabsat မှာ ထုတ်လွှင့်မှု ၀ယ်ယူထားသူဟာ BeoutQ မှာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ဂြိုဟ်တုကုမ္ပဏီက တုံ့ပြန်ပါတယ်။ အဓိပ္ပာယ်က မဖြုတ်ချပေးနိုင်ဘူးပေါ့။ ခုလို တရားမ၀င်တဆင့် ပြန်လည်ထုတ်လွှင့်နေတဲ့ BeoutQ ရုပ်သံလိုင်းကို ကြည့်ရှုနိုင်တဲ့ ဂြိုဟ်တု ဖမ်းယူစက်တွေကို အာရပ်ကမ္ဘာ အွန်လိုင်းမှာလည်း ရောင်းချနေကြပြီး အရှေ့အလယ်ပိုင်း နိုင်ငံတချို့မှာလည်း ရောင်းတဲ့ဆိုင်တွေရှိကြပါတယ်။ ကာတာအခြေစိုက် BeIN ကုမ္ပဏီကတော့ တရားမ၀င် ဂြိုဟ်တုဖမ်းစက် BeoutQ ကို ပိတ်ဆို့အရေးယူပေးဖို့ ဖီဖာဘောလုံးအဖွဲ့ချုပ်သာမက အရှေ့အလယ်ပိုင်း နိုင်ငံအတော်များများကို မေတ္တာရပ်ခံခဲ့ပါတယ်။ အဲဒီနောက် အာရပ်နိုင်ငံတနိုင်ငံဖြစ်တဲ့ အိုမန်မှာတော့ အဲဒီ BeoutQ ဂြိုဟ်တုစလောင်းတွေ ရောင်းချမှုကို ပြီးခဲ့တဲ့မေလကတည်းက ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ BeIN ချန်နယ်ကို ပိုင်ဆိုင်တဲ့ ကာတာကို ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းနဲ့ အီဂျစ်တွေက လေထု မြေထုအပါအ၀င် အဆက်အသွယ်ဖြတ် အရေးယူပိတ်ဆို့နေပြီး ဆော်ဒီနဲ့ ယူအေအီး နိုင်ငံမှာတော့ BeIN ဂြိုဟ်တုထုတ်လွှင့်မှုလှိုင်းတွေကိုပါ ပိတ်ဆို့ဖြတ်တောက်ထားခဲ့ပါတယ်။ ကာတာနိုင်ငံဘက်ကလည်း တဆင့်ခိုးယူထုတ်လွှင့်ခံနေရတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ နိုင်ငံတကာ တရားခုံရုံးမှာ ယူအေအီးနိုင်ငံကို တိုင်ကြားပါတယ်။ အဲဒီလို ဘောလုံးပွဲထုတ်လွှင့်မှု အခြေအတင်ကိစ္စကနေ တွစ်တာမှာလည်း တိုက်ပွဲတွေ ဆက်ပါတယ်။ အားကစားကို နိုင်ငံရေးပစ္စည်း မလုပ်သင့်ဘူးလို့ UAE နိုင်ငံခြားရေးဝန်ကြီး အန်ဝါ ဂါဂက်ရှ်က တွစ်တာမှာ ရေးပါတယ်။ ကာတာနိုင်ငံရဲ့ ပြန်ကြားရေးရုံးကလည်း တွစ်တာမှာ ရေးသားတုံ့ပြန်ပါတယ်။ ကာတာရဲ့ ကမ္ဘာ့ဖလားကို ပျော်ပျော်ကြီး ကြည့်ထားဦးပေါ့။ ဇွန်လကုန်ရင် နိုင်ငံတကာတရားခုံရုံး ICJ မှာတွေ့မယ်လို့ ကာတာဘက်က ပြန်ခနဲ့ပါတယ်။ ဆော်ဒီ အားကစားဝန်ကြီးကလည်း ကာတာအခြေစိုက် BeIN အားကစားချန်နယ်ဟာ နိုင်ငံရေးအမြတ်ထုတ်ဖို့ အားကစားကို ခုတုံးလုပ်နေတယ်လို့ စွပ်စွဲပြီး တရားဥပဒေအရ အရေးယူဖို့ စဉ်းစားနေတယ်လို့ ရေးပါတယ်။ နောက်ဆုံးအခြေအနေအရတော့ ဆော်ဒီအပါအ၀င် MENA အရှေ့အလယ်ပိုင်းနဲ့ မြောက်ပိုင်း အာဖရိကနိုင်ငံ ၂၃ ခုမှာ ကမ္ဘာ့ဖလားပွဲစဉ် ၆၄ ပွဲထဲက ၂၂ ပွဲကို အခမဲ့ ပြည်တွင်းရုပ်သံလိုင်းတွေကတဆင့် ထုတ်လွှင့်ခွင့်ပေးဖို့ ဒိုဟာရဲ့ BeIN အားကစားချန်နယ်က သဘောတူညီခဲ့ရပေမယ့် BeoutQ ချန်နယ်ကတော့ ကမ္ဘာ့လားဘောလုံးပွဲတွေကို ထုတ်လွှင့်နေတုန်းပါပဲ။ ကမ္ဘာ့ဖလားပွဲစဉ်တွေဆုံးတဲ့ထိ အာရပ်ကမ္ဘာမှာ ရုပ်သံလွှင့်ခွင့်ဆိုင်ရာ အငြင်းပွားမှုတွေ ဆက်ဖြစ်နေမှာလား ဘာဆက်ဖြစ်ကြမလဲဆိုတာတော့ စောင့်ကြည့်ရမှာပါပဲခင်ဗျား။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up