ပြွန်တန်ဆာတွင် မျက်စိဝေဒနာရှင် ၁၅၀၀ ကို အခမဲ့ ကုသပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ သီတဂူစက္ခုဒါန ဆေးရုံကြီးမှာ ဇွန် ၂၂ ရက်နေ့က စတင်ကာ မျက်စိဝေဒနာရှင် ၁၅၀၀ ကို စတုတ္ထအကြိမ်မြောက် အခမဲ့ခွဲစိတ်ကုသပေးနေတယ်လို့ သီတဂူစက္ခုဒါနဆေးရုံ စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပြောပါတယ်။ သီတဂူဆရာတော်ကြီးရဲ့ သြဝါဒကိုခံယူကာ အင်းဝိုင်းဆရာတော်ကြီးရဲ့ ကြီးကြပ်မှုနဲ့ သီတဂူသာသနာပြုအဖွဲ့ မျက်စိအထူးကုဆရာ ဝန်ကြီး ပါမောက္ခဒေါက်တာမြအောင် ဦးဆောင်တဲ့အဖွဲ့က ဇွန်လ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ မျက်စိဝေဒနာရှင် ၁၅၀၀ ကို အခမဲ့ စမ်းသပ်ကုသပေးသွားမယ်လို့ ဆိုပါတယ်။ ပဲခူးတိုင်းအရှေ့ခြမ်းက မျက်စိဝေဒနာရှင်တွေ အများဆုံးလာရောက် ကုသကြတာဖြစ်ပြီး အနီးမှုန်အဝေးမှုန် ဝေဒနာရှင်တွေအတွက် မျက်မှန် အခမဲ့ စမ်းသပ်ပေးတာ ရေတိမ်၊ အတွင်းတိမ် ဝေဒနာရှာတွေအတွက် အခမဲ့ ခွဲစိတ်ကုသပေးတာတွေ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ သီတဂူစက္ခုဒါနဆေးရုံ ဥက္ကဋ္ဌ ဦးမြင့်သိန်းက “ဆရာဝန်ကြီးတွေက လူနာ ၁၅၀၀ စာရင်းကောက်ခိုင်းထားပါတယ်။ ဒီနေ့တော့ ၃၀၀ ကျော်လောက်ကုသပေးမယ်။ ဒီမှာခွဲစိတ်လို့ မရတဲ့ ဝေဒနာရှင်တွေကို ဒီကနေပံ့ပိုးမှုပေးပြီး စစ်ကိုင်းမှာရှိတဲ့ သီတဂူဆေးရုံကြီးကို ခေါ်ဆောင်ပြီး ခွဲစိတ်ကုသပေးဦးမှာပါ” လို့ ဒီဗွီဘီ ကိုပြောပါတယ်။ ပြွန်တန်ဆာမြို့ သီတဂူစကုဒါနဈေးရုံကြီးမှာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက စတင်ကုသလာခဲ့တာဖြစ်ပြီး အခုအကြိမ်ထိ မျက်စိဝေဒနာရှင် ၁ သောင်းကျော်ကို စမ်းသပ်ကုသပေးခဲ့ကာ ၁ ထောင်လောက်ကို ခွဲစိတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ သတင်း၊ဓာတ်ပုံ-နေလင်းထိုက်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up