Home
မြန်မာသတင်း
စစ်ဘေးရှောင်စခန်းအတွင်း ရေကြီး၊ နေထိုင်သူများ အခက်အခဲဖြစ်နေ
DVB
·
June 23, 2018
တနိုင်းဒေသ အောင်လော့ဒ်ကျေးရွာက စစ်ဘေးရှောင်ပြည်သူတွေဟာ မြစ်ကြီးနားမြို့နယ် ဂျော်မဆတ်ဘုရားကျောင်းမှာ ယာယီခိုလှုံနေကြရပြီး မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ဘုရားကျောင်းဝင်းအတွင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေလို့ အခက်အခဲ ကြုံနေရပါတယ်။ လူဦးရေ ၆၀၀ ကျော် ခိုလှုံနေတဲ့ ဂျော်မဆတ်ဘုရားကျောင်းမှာ မြေနေရာ အခက်အခဲရှိတာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ ယာယီတဲအဆောင်တွေမှာ ကျဉ်းကျဉ်းကျပ်ကျပ် နေထိုင်နေကြရတယ်လို့ ဘုရားကျောင်းအတွင်းရေးမှူး ဆရာဇောင်ရတ်က ပြောပါတယ်။ ”မိုးရာသီဆိုတော့ ရေတွေလျှံနေတယ်။ နောက်ပြီး ယာယီတဲတွေ လိုအပ်နေပါတယ်။ မြေနေရာကလည်း မရှိတော့တဲ့အတွက် သူတို့အမြဲနေထိုင်နိုင်ဖို့ နောင်နန်းကျေးရွာက ဘုရားကျောင်းပိုင်တဲ့မြေမှာ လူ ၆၀၀ ကျော်နေထိုင်နိုင်ဖို့အတွက် အဆောက်အဦတခု ဆောက်လုပ်နေပါတယ်” လို့ သူက ဆိုပါတယ်။ စစ်ဘေးရှောင်တဦးဖြစ်တဲ့ မဒွဲဘူကတော့ သူနေတဲ့အဆောင်မှာ ရေတက်နေတာကြောင့် လသားအရွယ်ကလေးနဲ့ လမ်းလျှောက်ရတဲ့အခါမှာ အခက်အခဲဖြစ်နေပြီး ကလေး ကျန်းမာရေး ထိခိုက်မှာ စိုးရိမ်နေတယ်လို့ ပြောပါတယ်။ ”ကလေးက ၁ လကျော်ပဲရှိပါသေးတယ်။ အခုဆို ၀မ်းလျှောနေတာ ၃ ရက်ရှိပြီ။ ရေတွေတက်နေတော့ ခြင်တွေပေါလာပြီး တခုခုဖြစ်သွားမှာကို စိုးရိမ်ရတယ်။” ကချင်လူငယ်ထုလှုပ်ရှားမှုကော်မတီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ မဆွတ်ဆိုင်းထွယ်က အစိုးရအနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ ကောင်းမွန်စွာနေထိုင်ရေးအတွက် ဦးဆောင်လုပ်ပေးသင့်တဲ့အပြင် အခုလို ဒုက္ခရောက်နေတာကိုလည်း လျစ်လျူမရှုသင့်ဘူးလို့ ပြောပါတယ်။ “အခုလို ရေ၀ပ်တာတွေ ဆက်တိုက်ဖြစ်နေမယ်ဆိုရင် ၀မ်းပျက်ဝမ်းလျှောရောဂါလည်း ဖြစ်လာနိုင်တယ်။ အစိုးရအနေနဲ့လည်း တခုခုလုပ်ပေးသင့်တယ်။” ရဲမွန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024