Home
မြန်မာသတင်း
တရားစီရင်ရေးနှင့်ပတ်သက်သည့် တိုင်ကြားစာ အများဆုံးဖြစ်နေ
Aung Ko Latt
·
June 23, 2018
စစ်ကိုင်းတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲကို ရောက်ရှိလာတဲ့ တိုင်စာ ၁၀၀ ကျော်ထဲက အများစုမှာ တရားစီရင်ရေးနဲ့ပတ်သက်တဲ့ တိုင်ကြားစာက အများဆုံးဖြစ်နေပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲကို ပြည်ထောင်စုရဲ့ ညွှန်ကြားချက်နဲ့ ၂၀၁၇ ခုနှစ်၊ မတ် ၂၁ ရက်နေ့က စတင်ဖွဲ့စည်းကာ သြဂုတ်လမှာ ရုံးခန်းဖွင့်လှစ်ခဲ့တာပါ။ ၁ နှစ်ကျော်ကြာကာလအတွင်း အဖွဲ့ခွဲကို ရောက်ရှိလာတဲ့ တိုင်ကြားစာတွေနဲ့ပတ်သက်ပြီး အစီရင်ခံစာထုတ်ပြန်ထားပါတယ်။ အစီရင်ခံစာအရ ၁ နှစ်တာကာလအတွင်း ဌာနကို တိုင်ကြားစာ ၁၁၆ စောင်ရောက်ရှိခဲ့ပြီး အစောင် ၈၀ ကို ဖြေရှင်းခဲ့ပြီးဖြစ်ကာ ၃၆ စောင် ဖြေရှင်းဖို့ ကျန်ရှိနေသေးတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမိုးကျော်သူက ပြောပါတယ်။ "အများစုကတော့ တရားစီရင်ရေးနဲ ပတ်သက်တာတွေပါ။ တရားမျှတမှုမရှိဘူးထင်ရတာ၊ မမှန်မကန်တရားစီရင်တာ၊ တရားသူကြီးတွေရဲ့ဆုံးဖြတ်ချက်ဟာ တရားမမျှတဘူးဆိုပြီး တိုင်ကြတာ။ အဲလိုအမှုတွေပေါ့။ မုံရွာမြို့နယ်က အများဆုံး၊ ပြီးတော့ ဘုတလင်။ ဌာနအလိုက်ခွဲထားတာတွေပဲရှိတယ်။ ကျနော်တို့ဌာနမှာက ရဲ၊ တရားစီရင်ရေး၊ ထွေအုပ်၊ ဥပဒေအရာရှိ၊ အရပ်ဘက်၊ လွှတ်တော်တွေပါကြတယ်။ အဲဒီတော့ တိုင်ကြားစာတွေရောက်လာရင် ဘယ်ဌာနနဲ့သက်ဆိုင်သလဲဆိုတာကို ခွဲထုတ်ပြီး သက်ဆိုင်ရာဌာနတွေကို စိစစ်ဖို့ ပြန်လည်လွှဲပြောင်းပေးလိုက်တာ။ နောက်တကြိမ်အစည်းအဝေးမှာ ပြန်တင်ပြပေါ့။ ကျနော်တို့ကလည်း တိုင်ကြားစာတွေ ဘယ်လို ဆောင်ရွက်ထားပါတယ်ဆိုတာ ပြည်ထောင်စုအဆင့်ကို ပြန်တင်ပြရတယ်။ တိုင်ကြားစာတွေက ဟုတ်မှန်နေတယ်ဆိုရင်တော့ သက်ဆိုင်ရာဌာနတွေကနေ အရေးယူဆောင်ရွက်စေတာပေါ့။ ကျနော်တို့က မူဝါဒပဲရှိတယ်၊ ဥပဒေမရှိဘူး။ ပေါင်းစပ်ညှိနှိုင်းပေးတာပဲ လုပ်လို့ရတယ်။ ဘယ်လိုလုပ်ပါဆိုတာ အမိန့်ပေးလို့မရဘူး။" တိုင်ကြားစာတွေအနက် အမျိုးအစား ၂၂ ခုရှိတဲ့အထဲက တရားရေးဌာနကို တိုင်ကြားတာက အများဆုံးဖြစ်ပြီး ရဲတပ်ဖွဲ့ကို တိုင်ကြားတာက ဒုတိယအများဆုံးဖြစ်ကာ လယ်ယာမြေကိစ္စတိုင်ကြားမှုက တတိယအများဆုံးဖြစ်ပါတယ်။ တိုင်ကြားစာတွေထဲက ဖြေရှင်းဖို့ ကျန်ရှိနေသေးတဲ့ ၃၆ စောင်ကိုလည်း သက်ဆိုင်ရာဌာနတွေကို ဖြေရှင်းဖို့ ပေးပို့ထားပြီး အစီရင်ခံစာ ပြန်လည်တင်ပြတာ မရှိသေးဘူးလို့ ဆိုပါတယ်။ အစိုးရအဖွဲ့ကို ပြည်သူတွေက စောင့်ကြည်နေတာဖြစ်လို့ တတ်နိုင်သမျှ အမှားနည်းအောင် ပူးပေါင်းညှိနှိုင်းလုပ်ဆောင်ကြဖို့ကိုလည်း ဝန်ကြီးချုပ်က ရုံးခန်းဖွင့်ပွဲမှာ ပြောဆိုခဲ့ပါသေးတယ်။ လက်ရှိမှာ ဒီအဖွဲ့ ဖွဲ့လိုက်တဲ့အတွက် တရားဥပဒေစိုးမိုးရေးကိစ္စတွေမှာ အနည်းငယ်တိုးတက်လာပေမယ့် လုပ်ငန်းဆောင်ရွက်ချက်တွေမှာ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။ တိုင်းအဆင့်တွေ အောင်မြင်သွားရင်တော့ ပြည်ထောင်စုအဆင့်ရဲ့ ညွှန်ကြားချက်တွေနဲ့ ခရိုင်၊ မြို့နယ် အဖွဲ့ခွဲတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဥက္ကဋ္ဌ ဦးမိုးကျော်သူက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024