Home
မြန်မာသတင်း
နိုင်ငံ ၇ ခုက မြန်မာနိုင်ငံသားများ ကိုင်ရိုရှိ မြန်မာသံရုံးကို သတင်းပို့ရန် ကြေညာ
DVB
·
June 22, 2018
အီဂျစ်၊ တူရကီ၊ မော်ရိုကို၊ အယ်လ်ဂျီးရီးယား၊ ဆူဒန်၊ အီရတ်နဲ့ အီသီယိုးပီးယားနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ကိုင်ရိုရှိ မြန်မာသံရုံးကို သတင်းပို့ဖို့ သံရုံးက ကြေညာလိုက်ပါတယ်။ အဲ့ဒီနိုင်ငံတွေမှာ ရောက်ရှိ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခွင့်အရေး ကာကွယ်ပေးနိုင်ဖို့ သံရုံးက မြန်မာနိုင်ငံသားစာရင်း ကောက်ယူနေတာကြောင့် သတင်းပို့ဖို့ အသိပေး ကြေညာတာပါ။ ဇွန် ၁၉ ရက် ရက်စွဲနဲ့ ကိုင်ရိုရှိ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ မြန်မာသံရုံး၊ ကိုင်ရိုမြို့အနေနဲ့ အီဂျစ်နိုင်ငံအပါအဝင် ပူးတွဲတာဝန်ယူထားတဲ့နိုင်ငံတွေ ဖြစ်တဲ့ တူရကီ၊ မော်ရိုကို၊ အယ်လ်ဂျီးရီးယား၊ ဆူဒန်၊ အီရတ်နဲ့ အီသီယိုးပီးယားနိုင်ငံတွေကို  ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခွင့်အရေးတွေ ထိန်းသိမ်းကာကွယ်မြှင့်တင်ဖို့နဲ့ အခြားကောင်စစ်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ ပိုမိုလျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့နဲ့ ဆက်သွယ်ရာမှာ ပိုမိုလွယ်ကူချောမွေ့စေနိုင်ဖို့အတွက် မြန်မာနိုင်ငံသားများ စာရင်းအား ပြုစုလျက်ရှိတယ်။ ဒါ့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ နီးစပ်ရာ မြန်မာသံရုံးတွေကို ရောက်ရှိစဉ် သတင်းပို့ဖို့ သက်ဆိုင်ရာက ညွှန်ကြားချက် အသီးသီးထုတ်ပြန်ထားရှိပြီးလည်း ဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြပါ၊ ဆက်သွယ်ရန် လိပ်စာ၊ တယ်လီဖုန်းအမှတ်၊ အီးမေးလ်တွေ ပြည့်စုံစွာ ဖြည့်စွက်ပေးကြပါလို့  ညှိနှိုင်းမေတ္တာရပ်ခံအပ်တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံကို အပြီးပြန်လည်ထွက်ခွာမယ့် ပုဂ္ဂိုလ်တွေအနေနဲ့လည်း မထွက်ခွာမီ တပတ်အတွင်း ထွက်ခွာမယ့်အကြောင်း သံရုံးကို စာ ဒါမှမဟုတ် တယ်လီဖုန်းနဲ့ မပျက်မကွက် သတင်းပို့ကြပါလို့ ညှိနှိုင်းမေတ္တာရပ်ခံထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024