Home
ဆောင်းပါး
တိုက်ပွဲများနှင့် ရှေ့ဆက်နေဆဲတိုင်းပြည်
DVB
·
June 22, 2018
ငြိမ်းချမ်းရေးရဖို့ လက်နက်အပြိုင်အဆိုင် တပ်ဆင်ကြရမယ်လို့ တချိန်တုန်းက အင်္ဂလန် အမျိုးသမီးဝန်ကြီးချုပ်တဦးဖြစ်သူ မာဂရက်သက်ချာက ပြောဆိုခဲ့ဖူးပါတယ်။ ခုလည်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကိစ္စတွေအတွက် ကြိုးစားနေဆဲ ကာလမှာပဲ မာဂရက်သက်ချာရဲ့ အဆိုကို ထောက်ခံသလို ဖြစ်နေတဲ့ လုပ်ရပ်တွေကို တွေ့မြင်နေရပါတယ်။ တိုင်းပြည်တပြည် မဖွံ့ဖြိုး မတိုးတက်တဲ့အထဲမှာ ပြည်တွင်းစစ် ဖြစ်နေတာလည်း အဓိကအကြောင်းရင်းတရပ် ပါနေကြောင်းကို ပညာရှင်များ ဖွင့်ဆိုခဲ့သလို ခုဆိုရင် သာမန်ပြည်သူလူထုတွေတောင် နားလည်လာပါပြီ။ စစ်မြေပြင်ရပ်ဝန်းအနီးက လူတွေကတော့ ပညာရှင်တွေ အနက်မဖွင့်ခင်ကတည်းက သူတို့အိမ်မှာ ကျလာတဲ့ ဗုံးဆန်တွေ၊ သူတို့မိသားစုဝင်တွေဆီကို စိုက်ဝင်သွားတဲ့ ကျည်ဆန်တွေ၊ သူတို့မိသားစုတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ယူဆောင်သွားတဲ့ မြေမြှုပ်မိုင်းတွေကြောင့် ပိုသိနေခဲ့ကြပါပြီ။ တချိန်တည်းမှာပဲ မေးခွန်းထုတ်လာတတ်ကြတာတော့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ သားသမီးတွေ၊ တပ်မတော်အကြီးအကဲတွေရဲ့ သားသမီးတွေက ဘာကြောင့် စစ်ထဲမှာ မပါဝင်ကြတာလဲ။ စစ်ထဲမှာ တိုက်နေတဲ့သူတွေက ဘယ်သူ့အတွက်လဲဆိုတဲ့ မေးခွန်းတွေပါ။ ဇွန်လ ၉ ရက်နေ့က ကေအိုင်အေက ထုတ်ပြန်တဲ့ သတင်းမှာ ၂၀၁၁ ကနေ ၂၀၁၈ အတွင်း တိုက်ပွဲပေါင်း ၃၈၀၀ ကျော် ရှိခဲ့ပြီလို့ ဆိုပါတယ်။ ဒီလောက် များမြောင်လှတဲ့ တိုက်ပွဲတွေရဲ့ အကျိုးဆက်ကတော့ နေရပ်စွန့်ခွာ ထွက်ပြေးသူ တသိန်းသုံးသောင်းကျော် ရှိခဲ့ပါတယ်။ ၂၀၁၇ မေလမှ ၂၀၁၈ မေလအတွင်းမှာတော့ တိုက်ပွဲပေါင်း ၄၇၇ ကြိမ်ဖြစ်ခဲ့ပြီး နေရပ်စွန့်ခွာသူ ခြောက်ထောင်ကျော် တိုးလာပြီး ဒုက္ခသည်စခန်း ၁၃ ခု ထပ်တိုးလာတယ်လို့ ဆိုပါတယ်။ အဖြေကတော့ ဒုက္ခသည်စခန်းနှင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသူတွေ၊ အသက်သေဆုံးသူ နှစ်ဖက်စစ်သားတွေပါပဲ။ ၁၅ မိနစ်စာ စစ်ပွဲတပွဲဟာ သိန်း ၁၀၀ အထက်မှာ ရှိတယ်လို့ တချို့လူတွေ ပြောတတ်ကြပါတယ်။ ဒီကြားထဲ လက်နက်ကြီးတွေနှင့် ပစ်ခတ်ရတဲ့ တိုက်ပွဲမျိုး။ နေ့နေ့ ညည ကျည်ဆန်မိုးရွာတဲ့ တိုက်ပွဲမျိုးဆိုရင် စစ်အသုံးစရိတ်က ဘယ်လောက်ထိ ရှိနိုင်မလဲ။ နောက်တချက်က မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားက ထုတ်ကုန်ကို ရောင်းစားတဲ့၊ ဝန်ဆောင်မှုကို ရောင်းစားတဲ့ နိုင်ငံမျိုး မဟုတ်ပါဘူး။ ပြည်တွင်းစစ်အတွက် လက်နက်၊ ဒုံးကျည်၊ ကျည်ဆန်၊ ဗုံးဆန် အစရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ အများစုကိုလည်း ပြည်ပကသာ ဝယ်ယူရတာမျိုးပါ။ ဒါကြောင့် အတိုက်အခံ လက်နက်ကိုင် အင်အားစုတွေ အနေဖြင့်လည်း မည်မည်ရရ ထုတ်လုပ်နိုင်စွမ်းမရှိ၊ ဗဟိုအစိုးရကလည်း နည်းပညာကို ရောင်းစားနေရတဲ့ အနေအထားမဟုတ်ဘဲ စစ်ပွဲတွေပဲ ဖြစ်နေတဲ့အခါ ပြည်တွင်းစစ်ရဲ့ဒဏ်က တိုင်းသူပြည်သား အများစုအပေါ်မှာ ဆိုးရွားစွာ ထိခိုက်လာခဲ့ပါတယ်။ မနှစ်က ပလက်ဝဒေသမှာ ဖြစ်ခဲ့တဲ့ စစ်ပွဲရဲ့ အကျိုးဆက်ကတော့ နယ်စပ်ဒေသက ရွာတွေ၊ ဒေသခံတွေ အိန္ဒိယဘက်ကို ဒုက္ခသည်အဖြစ် ရောက်သွားကြရတာပါ။ စစ်ပွဲလာရင် ဒုက္ခသည် ကပ်ပါလာစမြဲပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့အရွေ့ကို ချီတက်စေဖို့ ကြိုးစားတဲ့အနေနှင့် ငြိမ်းချမ်းရေးလက်မှတ်တွေ ထိုးကြ၊ အပစ်ရပ်စာချုပ်တွေ လုပ်ကြပေမယ့်လည်း အင်္ဂလန်ဝန်ကြီးချုပ်တဦးဖြစ်တဲ့ ဝင်စတန်ချာချီ ပြောခဲ့သလို စကားကို ချိုချိုသာသာပြောပါ။ တုတ်ကိုတော့ ကြီးကြီးကိုင်ထားပါ ဆိုသလို ဖြစ်နေပါတယ်။ မိမိတို့ရဲ့ စစ်အင်အားကို ဖြည့်တင်းပြီး တဖက်ကလည်း ဒီအတိုင်း ဒီလိုလုပ်လို့ ပြောမယ်။ တဖက်ကလည်း မိမိတို့ရဲ့ စစ်အင်အားကို ဖြည့်တင်းပြီး ဒါမရရင် ပြန်ချမယ်ဆိုတဲ့ အယူအဆတွေနှင့်ပဲ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေကြသလို ဖြစ်နေပါတယ်။ ဒါကြောင့်လည်းပဲ စစ်ပွဲတွေက များသထက် များလာခဲ့ရတဲ့ သဘောပါ။ တလောက သတင်းတပုဒ် တက်လာပါတယ်။ ထိုင်းက တရားမဝင်လုပ်သား ၂၀၀ လောက်ကို ဥပဒေနှင့် မညီသည့်အတွက် ပြန်ပို့လိုက်တယ်ဆိုတဲ့ သတင်းပါ။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းသမား ဖြစ်ခဲ့ရတဲ့ နွံကနေ အစိုးရက ကယ်ထုတ်မပေးနိုင်သေးသလို မောင်တောဒေသမှာလည်း မနေချင်လို့ ထွက်ပြေးသူတွေကို နိုင်ငံတကာ ဖိအားကြောင့် ခေါ်နေရတုန်းပါပဲ။ ဒီလိုမျိုး အဘက်ဘက်က လိုအပ်ချက်များစွာ ရှိနေတဲ့အထဲမှာ ဇွန်လ ၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရက သိန်းတထောင်တန် ဖို့ဒ်ကားဆယ်စီးဝယ်ဖို့ တင်ပြခဲ့ပါတယ်။ လုံခြုံရေး၊ သက်သာချောင်ချိရေးအတွက် လိုအပ်တယ်လို့ တဖက်က ပြောနိုင်ပေမယ့် တဖက်က ပြန်ကြည့်ရင် တချို့ဝန်ကြီးတွေ၊ ကိုယ်စားလှယ်တွေက ပြည်သူလူထုရဲ့ အခြေခံဒုက္ခတွေကို လုံးလုံးမသိကြတဲ့သူတွေလည်း ရှိနေတယ် ဆိုတာပါပဲ။ မပြီးဆုံးနိုင်သေးသော ပြည်တွင်းစစ်၊ မဖြေရှင်းနိုင်သေးသော ကျူးကျော်ပြဿနာ၊ နိုင်ငံတကာမှာ ပုံမှားရိုက်ခံနေရသော ရခိုင်ပြည်အရေး စတဲ့ အရေးအခင်းထဲမှာပဲ မြန်မာ့စီးပွားရေးကို မိုးပေါ်ကို ဆွဲတင်တော့မယ်လို့ ပြောသူပြော၊ သိန်းတထောင်တန် ဖို့ဒ်ကားစီးဖို့ အဆိုတင်တဲ့သူက တင်၊ ဖေ့စ်ဘွတ်ခ်က ပညာရေးအချက်အလက်တခု မှားတာနဲ့ ၆၆(ဃ) နှင့် ငြိသူငြိ၊ မှတ်ချပြုလို့ တရားစွဲဆိုခဲ့ရသူ ခံရ စတဲ့ အနေအထားတွေနှင့် မြန်မာနိုင်ငံရဲ့ ရှေ့ဆက်မယ့်ခရီးက ဖြေရှင်းစရာတွေ အများကြီးပါ။ မြန်မာနိုင်ငံရဲ့ အနေအထားက ပြည်ပမှာ ဖြစ်ပွားနေတဲ့ အစ္စရေး၊ ပါလက်စတိုင်းတို့ ဖြစ်ခဲ့တဲ့ ပြဿနာနှင့် ကွဲပြားပါတယ်။ အစ္စရေးဘက်က နိုင်ငံတကာ ရှိခဲ့တဲ့ အနေအထားမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ခုဖြစ်နေတာက ရခိုင်ပြည် အရေးကြောင့် နိုင်ငံတကာဖိအားကို အစိုးရက ခံနေရတဲ့အချိန်မှာပဲ မြန်မာတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ တိုက်ပွဲက ဖြစ်နေကြတာပါ။ ပြည်တွင်းမှာ အချင်းချင်းဖြစ်၊ နိုင်ငံတကာအရေးကျလာရင် ခုခံဖို့ကျတော့လည်း ပြည်တွင်းစစ်ဖြစ်နေတော့ အစိုးရဘက်က ကာကွယ်ပေးမယ့် အင်အားစုက နည်းလှပါတယ်။ ဒီလိုအနေအထားတွေကြောင့်လည်း မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုက နောက်ကျနေတာပါ။ ဒီကြားထဲမှာပဲ တချို့ဝန်ကြီးတွေက ဘယ်နိုင်ငံကို ကျော်တက်အောင်လုပ်မယ်၊ ဒီနိုင်ငံကို ကျော်တက်အောင် လုပ်မယ်လည်း ဆိုလိုက်ရော ပြက်လုံးတွေ ဖြစ်ကုန်ကြပါတယ်။ တကယ်တမ်းကျတော့လည်း ဒီနေ့ထက် မနက်ဖြန် ကိုယ့်တိုင်းပြည်ကိုသာ ကိုယ်ပြုပြင်နေရမှာပါ။ ဒီနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက မနက်ဖြန်အတွက် အစကောင်းခြင်း ဖြစ်ရပါမယ်။ ခုတော့ အစိုးရသက်တမ်း ၂ ဆက် တက်လာတဲ့ထိလည်း မြန်မာပြည်တွင်းစစ်က သိသိသာသာ တိုးတက်မလာတဲ့အပြင် တိုက်ပွဲတွေသာ တိုးလာခဲ့တာ တွေ့ရပါတယ်။ ဒီကြားထဲ တချို့ကိစ္စတွေကလည်း သိသိသာသာ ဖိအားတွေ ရှိနေဆဲပါ။ ဇွန်လ ၉ ရက်နေ့က တပ်မတော်နှင့် ကချင်လက်နက်ကိုင်ဖွဲ့ (KIO/KIA) တို့ကြား တကျော့ပြန်တိုက်ပွဲဖြစ်ပွားမှု ခုနစ်နှစ်ပြည့် အခမ်းအနားကို မြစ်ကြီးနားမြို့ မနောကွင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါပွဲမှာ စစ်ပွဲရပ်တန့်ဖို့ ဆုတောင်းခဲ့ကြပြီး လူထောင်ချီ တက်ရောက်ခဲ့ပါတယ်။ အလားတူပွဲမျိုးကိုပဲ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ဒိုင်းမွန်းကွန်ဒိုမှာ ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် အခက်အခဲတချို့ကြောင့် ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။ ကချင်ငြိမ်းချမ်းရေးကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတော့ “ဖိအားအမျိုးမျိုးသုံး၍ တားဆီးပိတ်ပင်ခံရပါသောကြောင့် အစီအစဉ်ကို ဝမ်းနည်းစွာဖြင့် ဖျက်သိမ်းလိုက်ရပါကြောင်း ငြိမ်းချမ်းရေးကို လိုလားသော မိဘပြည်သူများထံ အကြောင်းကြားအပ်ပါသည်။" လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ အကျိုးဆက်ကတော့ ကချင်ဒေသ တကျော့ပြန် တိုက်ပွဲဖြစ်ပွားမှု စစ်ပွဲအနိဋ္ဌာရုံနှင့် ပတ်သက်ပြီး သရုပ်ပြမှု ပြုလုပ်ခဲ့ခြင်းအတွက် ပွဲကျင်းပရေးတာဝန်ခံ ကိုငြိမ်းချမ်းကို ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နှင့် အရေးယူရန် ပြင်ဆင်နေတဲ့အကြောင်း မြစ်ကြီးနားမြို့နယ်ရဲမှူး မြင့်မိုးက စီစဉ်နေတယ်လို့ ဇွန် ၁၀ ရက်နေ့က ဧရာဝတီသတင်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ စစ်ပွဲရပ်ဖို့ ဆန္ဒဖော်ထုတ်တာ၊ စစ်ပွဲရပ်ဖို့ ဆုတောင်းတာကိုတောင် ခွင့်မပြုတဲ့နိုင်ငံမှာ ငြိမ်းချမ်းရေး အဓွန့်ရှည်ဖို့ ကြိုးစားကြတဲ့သူတွေ အတွက်လည်း ဖိအားမျိုးစုံ ကြုံနေရဆဲပါပဲ။ တပ်မတော် ထိုးစစ်ဆင်တာကို အားပေးထောက်ခံတုန်းက ဖမ်းဆီးသူ မရှိသလောက် စစ်ပွဲတွေရပ် ဆိုတဲ့ ဆုတောင်းပွဲတွေ၊ ဆန္ဒဖော်ထုတ်ပွဲတွေကျတော့ ဖိအားပေးခံရ၊ ဖမ်းဆီးခံရပြီး အမျိုးမျိုးသော အခက်အခဲနှင့် တွေ့နေကြတာ မြင်နေရပါတယ်။ ဒါကလည်း ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတဲ့ လုပ်ရပ်တွေ မဟုတ်ပါဘူး။ ဘယ်လိုပဲဆိုဆို မြန်မာနိုင်ငံကတော့ တိုက်ပွဲတွေနှင့် ရှေ့ကိုဆက်နေဆဲဆိုတာကို တွေ့ရပါတယ်။ ကျော်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024