ရွှေဘို-မြစ်ကြီးနား ကားလမ်းတွင် ကားနှင့်တိုက်မိ၍ ဆိုင်ကယ်မောင်းသူသေဆုံး
DVB
·
June 22, 2018
ရွှေဘို- မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်မှာ မနေ့က မွန်းလွဲပိုင်း ၁၂ဘီးကားနဲ့ ဆိုင်ကယ်တိုက်ပြီး ဆိုင်ကယ်မောင်းသူ အမျိုးသား တဦး သေဆုံးသွားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ စီးမော်ရွာနဲ့ စီပိန်းရွာကြား ရွှေဘို-မြစ်ကြီနား ပြည်ထောင်စုလမ်းမပေါ်မှာ ဇွန် ၂၁ မွန်းလွဲ ၁ နာရီခွဲလောက်က ၁၂ ဘီးကားနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိခဲ့တာပါ။
ရွှေဘိုမြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး ကားလမ်း မိုင်တိုင်အမှတ် ၂၆၉.၅ ကီလိုမီတာ အနီး စီးမော်ရွာမှာ ဂက်(စ်)အိုးအခွံတွေ အပြည့်တင်ဆောင်ထားတဲ့ ယာဉ်မောင်း ကိုအောင်နိုင် မောင်းနှင်လာတဲ့ ၁၂ ဘီးယာဉ်နဲ့ ကိုမြင့်ဝင်း မောင်းနှင်လာတဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ်မောင်းသူ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး မော်လူးရဲစခန်းက ယာဉ်မောင်းသူနှစ်ဦးကို ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့ ရာဇသတ်ကြီးပုဒ်မ-၃၀၄(က) နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
ခင်ဆွေ(မော်လူး)