ထိုင်းနှင့်ဗြိတိန် ဝန်ကြီးချုပ်တို့ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေး ဆွေးနွေး

ဓာတ်ပုံ - ရိုက်တာ
ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ်အိမ်မှာ ဇွန်လ ၂၀ ရက်နေ့က လက်ခံတွေ့ဆုံခဲ့ပါတယ်။ ဝန်ကြီးချုပ် ပရာရွတ်က ထိုင်းအထွေထွေရွေးကောက်ပွဲကို လာမယ့်နှစ်အစောပိုင်းမှာ ကျင်းပသွားမယ်လို့ ဝန်ကြီးချုပ်မေနဲ့ တွေ့ဆုံချိန် ပြောကြားခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။ မေကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ ပရာယွတ်ကို တိုက်တွန်းခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။ ဝန်ကြီးချုပ် ပရာယွတ်ကတော့ သူ့ရဲ့ ဗြိတိန်ခရီးစဉ်ဟာ နိုင်ငံရေးအတွက် လာရောက်တာ မဟုတ်ဘဲ ကုန်သွယ်ရေး တိုးမြှင့်နိုင်ဖို့နဲ့ ဥရောပသမဂ္ဂရဲ့ ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ဖို့ ဖြစ်တယ်လို့ ပြောထားပါတယ်။ မေနဲ့ ပရာယွတ်တို့ဟာ နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်အပြင် ဥရောပသမဂ္ဂက ဗြိတိန် နုတ်ထွက်ပြီးကာလ ဆက်ဆံရေး တိုးမြှင့်ဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဝန်ကြီးချုပ် ပရာယွတ်နဲ့ ထိုင်းကိုယ်စားလှယ်အဖွဲ့ဟာ ဗြိတိန်ပညာရေးအဖွဲ့ ပီယာဆန်၊ HSBC ဘဏ်တို့ အပါအဝင် ဗြိတိန်ကုမ္ပဏီတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့လည်း ထိုင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up