အေတီအမ်စက်တွင်းမှ ရူပီးငွေ ၁၂ သိန်း ကြွက်ကိုက်ခံရပြီး ပျက်စီး (ရုပ်သံ)

487
အိန္ဒိယနိုင်ငံက အေတီအမ်စက်တခုထဲမှာ ရူပီးငွေ ၁၂ သိန်းတန်ဖိုးရှိတဲ့ ငွေစက္ကူတွေ ကြွက်ကိုက်ခံရပြီး ပျက်စီးဆုံးရှုံးခဲ့ရတဲ့ သတင်းဟာ လူတွေကို အံ့အားသင့်စေခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ အာသံပြည်နယ်ထဲက အိန္ဒိယပြည်နယ်ဘဏ် (အက်စ်ဘီအိုင်) ဘဏ်ခွဲတခုရဲ့ အေတီအမ်စက်ထဲမှာ ဖြစ်ခဲ့တာလို့ အန်ဒီတီဗွီသတင်းမှာ ဇွန်လ ၁၉ ရက်နေ့က ဖော်ပြပါတယ်။
တွစ်တာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတော့ ကြွက်ကိုက်ခံထားရတဲ့ ငွေစက္ကူ အပျက်အစီး ဓာတ်ပုံတွေ ပျံ့နှံ့နေခဲ့ပြီး ဝေဖန်မှုတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။
ဒေသတွင်း သတင်းထောက်တယောက်ဖြစ်တဲ့ နန်ဒန်ပရာတင်မ်ရှာမာဘော်ဒိုလွိုင် ကလည်း တွစ်တာစာမျက်နှာပေါ်မှာ အဲဒီဘဏ်ခွဲအေတီအမ်ကပဲ ဖြစ်ပုံရတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို တင်ထားခဲ့ပြီး အဲဒီရုပ်သံဖိုင်ထဲမှာတော့ ငွေစက္ကူအပျက်အစီးတွေကြားထဲက ကြွက်သေတကောင်ကိုပါ တွေ့ရှိခဲ့ရတာပါ။
အိန္ဒိယအိပ်ခ်စ်ပရက်စ် သတင်းမှာတော့ ဒါဟာ နည်းပညာပိုင်းဆိုင်ရာ လစ်ဟင်းမှုကြောင့် ဖြစ်ရတာလို့ ဖော်ပြခဲ့ပါတယ်။
ခုပျက်စီးဆုံးရှုံးမှုမှာတော့ တန်ဖိုးရူပီး ၁၂ သိန်းကျော်ရှိခဲ့ပြီး ကျန်ရှိနေတဲ့ ရူပီး ၁၇ သိန်းကိုသာ အကောင်းအတိုင်း ပြန်ရခဲ့တာပါ။
သတင်းတွေပေါ်မှာတော့ ထင်မြင်ချက်တွေ အမျိုးမျိုးနဲ့ ပျံ့နှံ့နေခဲ့တာဖြစ်ပြီး ရဲတွေကတော့ ဒါကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။