ကုလ လူ့အခွင့်အရေးကောင်စီမှ အမေရိကန် နုတ်ထွက်

နှစ်ပေါင်းများစွာ အစ္စရေးအပေါ် ဆန့်ကျင်ပြီး ဘက်လိုက်ခဲ့တာကြောင့် ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန် နုတ်ထွက်သွားပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ နုတ်ထွက်ကြောင်း ဇွန်လ ၂၉ ရက်နေ့မှာ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေက ပြောကြားလိုက်တာပါ။ “လူ့အခွင့်အရေးကောင်စီဟာ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို အကာအကွယ် ပေးနေခဲ့တာ၊ နိုင်ငံရေးဘက်လိုက်တဲ့ တွင်းကြီးလို ဖြစ်နေခဲ့တာ ကာလတာရှည် ရှိနေပါပြီ။ စိတ်မကောင်းစရာက ဒီကောင်စီကို ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ ကျမတို့ရဲ့ တိုက်တွန်းချက်တွေကို ဦးတည်လုပ်ဆောင်နေတာ မဟုတ်ဘူးဆိုတာကို အခု ရှင်းရှင်းလင်းလင်း သိလိုက်ရတာပါ။ လူ့အခွင့်အရေး ချိုးဖောက်သူတွေက ဒီကောင်စီမှာ ရွေးကောက်တင်မြှောက်ခံနေရပြီး ဆက်လက် တာဝန်ထမ်းဆောင်နေကြပါလိမ့်မယ်။ "ကမ္ဘာ့လူမဆန်ဆုံး အစိုးရတွေက စုံစမ်းစစ်ဆေးမှု ခံရခြင်းကနေ လွတ်နေဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကောင်စီဟာ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို အာရုံလွှဲတဲ့အနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး မှတ်တမ်းကောင်းရှိသူတွေကို ဓားစာခံအဖြစ် အသုံးချတာ၊ နိုင်ငံရေးဇာတ် သွင်းတာမျိုးတွေ ဆက်လုပ်နေဦးမှာပါ။ ဒါကြောင့် လွန်ခဲ့တဲ့ တနှစ်လောက်က ကျမတို့ပြောခဲ့တဲ့အတိုင်းပဲ ဒီကောင်စီမှာ တိုးတက်မှု တစုံတရာ မတွေ့ဘူးဆိုရင် အမေရိကန်ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ တရားဝင် ထွက်ပါတော့မယ်။ "ဒီနေရာမှာ ကျမ ရှင်းရှင်းလင်းလင်း ပြောလိုတာက ဒီလိုထွက်တာဟာ လူ့အခွင့်အရေးအပေါ် သန္နိဋ္ဌာန်ချ လုပ်ဆောင်နေမှုကနေ နောက်ဆုတ်သွားတာ မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ အခုလို နုတ်ထွက်တာဟာ ဒီလို ဟန်ရေးပြနေတဲ့၊ လူ့အခွင့်အရေးကို ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းအဖြစ်နဲ့ ကျမတို့ရဲ့ လူ့အခွင့်အရေးပေါ်ထားတဲ့ သန္နိဋ္ဌာန်တို့ ရှေ့ဆက်လုပ်ကိုင်လို့ မရတော့လို့ပဲ ဖြစ်ပါတယ်” လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေက ပြောကြားသွားတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up