ဟောလိဝုဒ် စွန့်စားခရီးသွား ဟာသဒရာမာ ပရိသတ်အကြိုက် Boundaries ရုပ်ရှင် (နမူနာ)

ဟောလိဝုဒ် စွန့်စားခရီးသွား ဟာသဒရာမာ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် Boundaries အမည်ရတဲ့ ရုပ်ရှင်ကားကို လာမယ့် ဇွန်လ ၂၂ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို အမေရိကန် အမျိုးသမီး ဒါရိုက်တာတယောက်ဖြစ်တဲ့ ရှေနာဖက်စ်ထ်က သူကိုယ်တိုင်ရေးပြီး ကိုယ်တိုင် ဒါရိုက်တာအဖြစ် ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လော်ရာဟာ အမေရိကန်နိုင်ငံ၊ ဆီးတဲလ်မှာ နေထိုင်တဲ့  Single Mother အမျိုးသမီးတယောက်ဖြစ်ပြီး သူ့မှာ ဟင်နရီဆိုတဲ့ ဆယ်ကျော်သက် သားတယောက်ရှိတယ်။ လော်ရာရဲ့ဖခင် ဂျက်ခ်ကတော့  အငြိမ်းစားတယောက်လည်းဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သူတယောက် ဖြစ်တယ်။ လော်ရာ့မှာ အကြွေးတွေလည်း ရှိနေပြီး သားဖြစ်သူကို ပုဂ္ဂလိကကျောင်း တခုခုကို ပို့ချင်ပေမယ့် အဆင်မပြေဘူး ဖြစ်နေတယ်။ သားဖြစ်သူဟာလည်း ကျောင်းမှာ အနိုင်ကျင့်ခံနေရတဲ့ အခြေအနေ ဖြစ်နေတယ်။ အဲဒီအချိန်မှာပဲ ဖခင်ဖြစ်သူ ဂျက်ခ်ဟာ မူးယစ်ဆေးဝါးကိစ္စကြောင့် သူနေထိုင်တဲ့ ဂေဟာကနေ နှင်ထုတ်ခံရချိန်မှာ လော်ရာကို လော့စ်အိန်ဂျလိစ်မှာရှိတဲ့ သမီးဖြစ်သူဆီ လိုက်ပို့ခိုင်းတယ်။ လော်ရာဟာ လော့စ်အိန်ဂျလိစ်မှာနေတဲ့ ညီမဖြစ်သူ ဂျိုဂျိုဆီ ဖခင်ကို လိုက်ပို့ရဖို့ ဖြစ်လာတယ်။ သူလိုက်ပို့ရင် မြေးဖြစ်သူ ဟင်နရီကို ကျောင်းပို့ဖို့ ပိုက်ဆံပေးမယ်ဆိုပြီး ဂျက်ခ်က အပေးအယူတခု လုပ်တယ်။ ဖခင်နဲ့ သူ့ကြားမှာလည်း ခပ်တန်းတန်း ဆက်ဆံရေးမျိုး ရှိနေတယ်။ အဲဒီ လမ်းတလျှောက်မှာတော့ ဂျက်ခ်ဟာ သမီးဖြစ်သူ လော်ရာ မသိစေဘဲနဲ့ ကားရပ်တဲ့ နေရာတိုင်းမှာ သူ့ရဲ့ ဆေးခြောက်ရောင်းဖို့ အစီအစဉ်မှာ မြေးဖြစ်သူကို ပါဝင်ကူညီဖို့ ဆွဲဆောင်စည်းရုံးနေတယ်။ ခရီးတလျှောက်မှာ သောင်းကျန်းတဲ့ သားဖြစ်သူ မြေးအဖိုးနဲ့အတူ လော်ရာဟာ ဘယ်လိုတွေ ကြုံတွေ့ရမလဲ။ ခရီးစဉ်အဆုံးမှာရော မိသားစုဝင်တွေ ချောချောမွေ့မွေ့ ဆုံတွေ့နိုင်ပါ့မလား ဆိုတာကို စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၀၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ ဦးဆောင်ပါဝင်ထားကြသူတွေကတော့ လော်ရာနေရာမှာ အမေရိကန်မင်းသမီး ဗီရာဖာမီဂါ၊ ဂျက်ခ်နေရာမှာတော့ ကနေဒီယန်း မင်းသားကြီး ခရစ္စတိုဖာ ပလန်မာနဲ့အတူ ဆယ်ကျော်သက်ကောင်လေး ဟင်နရီ နေရာမှာတော့ လူးဝစ္စမက်ဂ်ဒူဂေါလ်တို့က ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up