Home
ဆောင်းပါး
အကြမ်းဖက်ဝါဒမှန်သမျှ ဆန့်ကျင်ဖယ်ရှားရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပြည်သူလူထု ပူးပေါင်းပါဝင်နိုင်မှု
DVB
·
June 20, 2018
၂၀၁၈ ခုနှစ်၊ မတ်လ ၇ ရက်နေ့က ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ တရားလွှတ်တော်ချုပ် အပါအဝင် တိုင်းနှင့်ပြည်နယ်များမှ တရားလွှတ်တော်ချုပ်များ၊ တရားစီရင်ရေးကဏ္ဍမှ တာဝန်ရှိသူများ၊ ဥပဒေပညာရှင်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့တဲ့ တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ညီလာခံကို နေပြည်တော်မှာရှိတဲ့ MICC-2 မှာ ကျင်းပခဲ့တယ်ဆိုတဲ့ သတင်းကို အင်တာနက် မီဒီယာသတင်းတွေမှာ ဖတ်ရှုခဲ့ရပါတယ်။ လူ့အသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်း၊ တိုင်းနိုင်ငံတိုင်းအတွက် အရေးကြီးတဲ့ လိုအပ်ချက်တရပ်က တရားဥပဒေစိုးမိုးမှု ရှိဖို့ပါပဲ။ တရားဥပဒေအထက် ဘယ်သူမှ ရှိမနေဖို့၊ တရားဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့ အဖွဲ့အစည်းတွေက အဂတိတရားလေးပါး ကင်းစင်ဖို့၊ တရားစီရင်ရေးမဏ္ဍိုင်က ဖြောင့်မတ်မှန်ကန်နေဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ တရားဥပဒေအထက်မှာ လူတစု ရှိနေနိုင်တယ်။ တရားဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် အဖွဲ့အစည်းတွေက ကိုယ်ကျင့်သီလ ဖောက်ပြားလို့ အကျင့်ပျက် ခြစားရင်း အဂတိတရား ၄ ပါးကို လိုက်စားနေမယ်၊ တရားစီရင်ရေးမဏ္ဍိုင်ကလည်း ယိမ်းယိုင် တိမ်းစောင်းနေမယ်ဆိုရင် အဲဒီ လူ့အသိုင်းအဝိုင်း တိုင်းနိုင်ငံဟာ အလွန်အန္တရာယ်ကြီးတဲ့အဆင့်ကို ရောက်ရှိနေပြီလို့ တိတိကျကျ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလူ့အသိုင်းအဝိုင်း တိုင်းနိုင်ငံက ဘယ်နိုင်ငံသားမဆို ဘဝလုံခြုံမှု ကင်းမဲ့ပြီး တရားဥပဒေ မစိုးမိုးမှုအောက်မှာ လက်ဖဝါးနှစ်ဖက်ကြား ဖြန်းခနဲ အရိုက်ခံရတဲ့ ခြင်တကောင် အသက်ဆုံးရှုံးရသလို လူသိသူသိရော လူမသိသူမသိရော ပျောက်ကွယ်သွားနိုင်ပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူပါဝင်တဲ့ နိုင်ငံရေး မဟာအင်အား ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက မိခင် မကျန်းမာနေတာ ပြုစုဖို့ မန္တလေးကို ခဏတာ ပြန်ဖြစ်ခဲ့တယ်။ ပြန်ရောက်တဲ့ညမှာပဲ အိမ်နဲ့ မလှမ်းမကန်းမှာရှိတဲ့ လမ်းဆုံအဆင်းလေးမှာ ဆိုင်ကယ်နဲ့ ဖုန်းလုပြေးတဲ့ သတင်းကို ကြားခဲ့ရပါတယ်။ နောက်တနေ့မနက်ကျတော့ လမ်းထိပ်ထွက် အဲဒီလမ်းဆုံအဆင်းက ဆိုင်တဆိုင်ကို စနည်းနာကြည့်တော့ ဆိုင်ကယ်နဲ့ လုသွားတဲ့ ကလေးတွေက တလမ်းကျော်က လမ်းကြားထဲ မောင်းပြေးသွားတာ မြင်တယ်လို့ ပြောတယ်။ ဘယ်သူမှလည်း လာမစုံစမ်းဘူးတဲ့။ ဥပဒေက အကာအကွယ်ပေးနိုင်ရင် တရားဥပဒေစိုးမိုးမှု အားကောင်းရင် အဲဒီလို ပြည်သူတွေဆီက တရားခံတွေကို ဖော်ထုတ်နိုင်ဖို့ ခိုင်လုံတဲ့ သတင်းတွေရမှာ အသေအချာပါပဲ။ ဒီလို ခိုးဆိုးလုယက်တာတွေဟာ မြို့ထဲ အရပ်ထဲမှာ နိစ္စဓူဝ ထမင်းစား ရေသောက် ကိစ္စလို အတင့်ရဲစွာ ဖြစ်လာနေပါပြီ။ မိဘပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေဟာ လုံခြုံမှု ကင်းမဲ့လာနေပြီဆိုတာ အလေးအနက် သတိပြုချိန် ရောက်ပါပြီ။ ဒါဟာ တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းကာကွယ်ရမယ့် အဖွဲ့အစည်းတွေက ထိထိရောက်ရောက် အကာအကွယ် မပေးနိုင်ဘူးဆိုတဲ့ အချက်နဲ့ ပြည်သူ မပါဝင်တဲ့ နိုင်ငံရေး ဖြစ်ထွန်းလာမှုအတွက် အချက်ပေးခရာလည်း ဖြစ်ပါတယ်။ လက်ရှိ ပြည်သူက ရွေးချယ်ခဲ့တဲ့ အန်အယ်လ်ဒီ ပြည်သူ့အစိုးရကလည်း တရားဥပဒေ စိုးမိုးရေးကို  ဆောင်ရွက်လိုတဲ့ဆန္ဒရှိမှာ တစိုးတစေ့မျှ သံသယမဝင်မိပါဘူး။ ဘာကြောင့်လဲဆိုတော့ ပါတီကိုင်စွဲထားတဲ့ မူဝါဒအလံ ၃ လက်မှာ တရားဥပဒေစိုးမိုးမှုရှိရေးဆိုတာ အရေးအကြီးဆုံးအလံ ဖြစ်နေလို့ပါပဲ။ ဒါပေမယ့် ပြည်သူ့အစိုးရကို အဲဒီအလံ မလွှင့်ထူနိုင်အောင် ပူးပေါင်းဆောင်ရွက်မှု မပြုကြတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်း အသိုင်းအဝိုင်းတွေရဲ့ ကန့်လန့်တိုက် မျက်စိမှိတ်နေတာတွေ ရှိသလို ပြည်သူ့အစိုးရအနေနဲ့ ပြည်သူ့အားတွေကို စုစည်းယူနိုင်ဖို့၊ ပြည်သူတွေ ပါဝင်လက်တွဲပြီး ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့ အခြေအနေတွေ ဖန်တီးအားပြုဖို့ လိုပါတယ်။ မန္တလေးမှာ မူးယစ်ဆေးဝါးတွေ ဘယ်မှာရနိုင်တယ်၊ ဘယ်မှာရောင်းနေတယ်၊ အရက်တုတွေ ဘယ်မှာထုတ်နေတယ်၊ လောင်းကစားဒိုင်တွေ ဘယ်မှာရှိတယ်၊ အန္တရာယ်မကင်းတဲ့ အစားအစာတွေ ဘယ်မှာထုတ်လုပ်နေတယ် ဆိုတာတွေကို ပြည်သူတွေ အကုန်သိပါတယ်။ အဲဒီမူးယစ်ဆေးဝါး၊ အရက်သေစာနဲ့ စားသုံးဖို့ မသင့်တော်တဲ့ အန္တရာယ်မကင်းတဲ့ အစားအစာတွေကြောင့် လူငယ်၊ လူလတ်တွေက စလို့ လူကြီးတွေအထိ အချိန်မတန်ခင် တဖြုတ်ဖြုတ် ကြွေလွင့် အသက်ဆုံးပါးနေကြတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ရာဇဝတ်မှုကို နှိမ်နင်းရမယ့် အဖွဲ့အစည်းတွေက သူတို့အလုပ်ကို ကျေပွန်အောင် မဆောင်ရွက်နိုင်ရင် ပြည်သူ့အစိုးရအနေနဲ့ ပြည်သူတွေ အားကိုယူပြီး ဆောင်ရွက်နိုင်အောင် အခြေအနေတွေ ဖန်တီးဖို့ လိုနေပါပြီ။ ခေတ်အဆက်ဆက်မှာ ပြည်သူပြည်သားတွေဟာ နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေနဲ့အတူ တိုင်းပြည်အတွက် လိုအပ်လာတိုင်း လက်နှေးလေ့ မရှိပေမယ့် ထင်ရှားတဲ့ ဥပမာတခုကတော့ ၂၀၁၄/၁၅ ခုနှစ်ဝန်းကျင်က မန္တလေးမြို့မှာ ဘာသာရေး အဓိကရုဏ်းတွေ မဖြစ်ပေါ်လာအောင် ထိန်းသိမ်းပေးခဲ့ဖူးတဲ့ မန်းငြိမ်းထိန်းလို့ အတိုကောက်ခေါ်ကြတဲ့ မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီပါပဲ။ ဒီကနေ့ နိုင်ငံရေးရာသီဥတုကတော့ အမျိုးသားရေး၊ ဘာသာရေးကိစ္စတွေနဲ့ မှိုင်းတိုက်ခံထားရတော့ ပိုလို့ ထိုင်းမှိုင်းနေတာကိုတော့ သတိချပ်ကြစေလိုပါတယ်။ လက်ရှိ အခြေအနေအရပ်ရပ်က ညွှန်ပြနေတာကတော့ တရားဥပဒေစိုးမိုးမှု အမြန်ဆုံးရှိလာအောင် ဆောင်ရွက်ဖို့ ပြည်ထောင်စုအစိုးရအနေနဲ့ အမျိုးသားရေး စီမံချက်တရပ်အသွင်နဲ့ ပြည်ထဲရေးလက်အောက်က ရဲတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး တရားဥပဒေစိုးမိုးမှု ရှိလာဖို့၊ ရာဇဝတ်မှုတွေ လျှော့ချနိုင်ဖို့အတွက် ပြည်သူလူထု တရားဥပဒေစိုးမိုးမှု ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီတွေကို မြို့တိုင်း၊ ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်းမှာ ဖွဲ့စည်းပြီး ပြည်သူလူထုကိုယ်တိုင် စိတ်တူကိုယ်ပါ လက်တွဲ လုပ်ဆောင်နိုင်အောင် ဖန်တီးပေးဖို့ လိုနေပြီလို့ ယူဆပါတယ်။ တခု သတိပြုရမှာကတော့ ဒီလိုအဖွဲ့အစည်းမျိုးကို ဖော်ဆောင်ရာမှာ အတိတ်သမိုင်းက အမာရွတ် သင်ခန်းစာတခုဖြစ်တဲ့ ပျူစောထီး ကာကွယ်ရေးတပ်တွေလို လုပ်ပိုင်ခွင့်ကို အာဏာထင်မှတ်ပြီး ပြည်သူလူထုကို နှိပ်စက်ညှဉ်းဆဲ အနိုင်ကျင့်တဲ့ အဖွဲ့အစည်း ဖြစ်မသွားဖို့အတွက် တိကျတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ တာဝန်ခံမှု တာဝန်ယူမှု ပါတဲ့ လုပ်ပိုင်ခွင့်၊ ခံစားခွင့်တွေ အပ်နှင်းမှုနဲ့အတူ၊ စောင့်ကြည့်ထိန်းကျောင်းမှုတွေ စဉ်ဆက်မပြတ် ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ သာသနာပြုအရေခြုံ အကြမ်းဖက် သွေးခင်းလူသတ်ဝါဒ မကြီးထွားခင် ဝိုင်းဝန်းတားဆီးပါ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲတုန်းက မြောက်ပိုင်းခရိုင်တရားရုံးမှာ ရှေ့နေကြီးဦးကိုနီ လုပ်ကြံခံရမှုနဲ့ ဖမ်းဆီးထားရတဲ့ လူသတ်သမား ကြည်လင်းနဲ့ အပေါင်းအပါတွေကို ရုံးထုတ်စဉ်မှာ “မင်းတို့ ထမင်းဝအောင် စားထား” စာတန်းပါ တီရှပ်အင်္ကျီများ ဝတ်ဆင်ထားတဲ့ မျိုးချစ်သွေး ဓမ္မကွန်ရက်က အမျိုးသားလေးဦးဟာ တရားရုံးနယ်နိမိတ် အဆောက်အအုံအတွင်းသို့ ဝင်ရောက်လာပြီး တရားဥပဒေစိုးမိုးရေးကို သွေးတိုးစမ်းလာခဲ့ကြပါတယ်။ အဲဒီနောက်တော့ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်က ရဟန်းတပါးဖြစ်တဲ့ ဦးဝီရသူကလည်း လူသတ်သမား ကြည်လင်းရဲ့ လူသတ် အကြမ်းဖက် လုပ်ရပ်ကို ထောက်ခံတဲ့အနေနဲ့ သူ့ကိုယ်သူ ကြည်လင်းဆရာတော်လို့ ပြောဆိုတဲ့ ဗွီဒီယိုရုပ်သံကို အွန်လိုင်းမှာတင်လို့ တရားဥပဒေစိုးမိုးရေးကို ပြက်ရယ်ပြု စိန်ခေါ်ခဲ့ပြန်ပါတယ်။ မိမိဘာသာ သာသနာအတွက် တခြား အယူဝါဒမတူတဲ့သူတွေကို သတ်ဖြတ်ပြီး သာသနာပြုရမယ်လို့ ဘယ်ဘုရားရှင်မှ ဟောကြားမသွားခဲ့ဘူး။ ဘာရည်ရွယ်ချက်နဲ့ သတ်သတ်၊ လူသတ်တာဟာ လူသတ်မှုဖြစ်တာမို့ တရားဥပဒေကြောင်းအရ အရေးယူခံရမှာပါ။ ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးတဲ့နောက်မှ လိုက်နာကျင့်သုံးတဲ့ လူပုဂ္ဂိုလ်နဲ့ ပုထုဇဉ် ရဟန်းတွေက မိမိအတ္တအစွဲတွေနဲ့ တရားဓမ္မ အနှစ်အသားတွေကို ဘုရားရှင် အဆုံးအမတွေနဲ့ ဆန့်ကျင်ဘက် ကိုယ်လိုရာ အဓိပ္ပာယ်ဖွင့်ပြီး ပြောင်းလဲ ကျင့်သုံးနေကြတာဟာ ... အလွန်အပြစ်ကြီးလှတယ်။ ဘုရားဟောမဟုတ်တဲ့ သီရိလင်္ကာနိုင်ငံရဲ့ ရာဇဝင်ကျမ်းတွေထဲက သမိုင်းခေတ် အခြေအနေမတူတဲ့ ဒုဋ္ဌဂါမဏိမင်းရဲ့ လူနှစ်သိန်းကိုသတ်ပြီး သာသနာပြုတာ မှန်တယ်ဆိုတဲ့ လူသတ်အားပေးဝါဒ အယူအဆကို ဒီကနေ့ခေတ်မှာ လှုံ့ဆော် ဖြားယောင်းမှုဟာ ဒီကနေ့ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းမှုကို ခြိမ်းခြောက်နေတဲ့ လူသတ် အကြမ်းဖက်ပြီး သာသနာပြုတယ်ဆိုတဲ့ ဘိုကိုဟာရမ်၊ အစ္စလာမ္မစ်နိုင်ငံတော် စတဲ့ ဘာသာရေး အစွန်းရောက်အဖွဲ့တွေရဲ့ သွေးခင်းတဲ့ သာသနာပြုနည်းနဲ့  အဆိပ်ပြင်းတာချင်း အတူတူမို့ လူသားတွေရဲ့ ဆန့်ကျင်ချေမှုန်းခြင်းခံရမှာ အသေအချာပါပဲ။ ဒီမိုကရေစီ အပြောင်းအလဲကို ဖျက်ဆီးဆန့်ကျင်ဖို့ စစ်အာဏာရှင်စနစ်က မွေးထုတ်လိုက်တဲ့ အမည်းရောင်အင်အားစုကြီးတရပ်ဟာ... အခုဆိုရင် မြန်မာနိုင်ငံ လူ့အသိုင်းအဝိုင်း အမျိုးမျိုးကြား အဖွဲ့အစည်းတွေကြားမှာ ဗုဒ္ဓဘာသာကို အကာအကွယ်ယူပြီး စိမ့်ဝင်ထိုးဖောက် ဝင်ရောက်လို့ ဘာသာရေးမုန်းတီးမှု၊ လူမျိုးရေး မုန်းတီးမှု အဆိပ်တွေခပ်ပြီး အကြီးမားဆုံး ရာဇဝတ်မှုကို ကျူးလွန်နေကြပါတယ်။ ဖေ့စ်ဘွတ်ခ်၊ အွန်လိုင်း ပြင်ပလောက နေရာစုံမှာ အနုနည်း၊ အကြမ်းဖက်နည်း၊ မဟုတ်တမ်းတရား သတင်းဖန်တီးခြင်း၊ ဘာသာပေါင်းစုံ ပြည်သူလူထုကြား မယုံကြည်မှု သံသယတွေ တိုးပွားအောင်၊ မညီညွတ်အောင် သွေးခွဲရန်တိုက်ခြင်း အစရှိတဲ့ အယုတ်မာဆုံး နည်းလမ်းတွေသုံးပြီး ကောက်ကျစ်စဉ်းလဲစွာ တိုင်းပြည် မငြိမ်သက်အောင် သမိုင်းတွင်မယ့် အကုသိုလ်မှုတွေ ပြုနေကြတာ ဖြစ်ပါတယ်။ သိတတ် နားလည်တဲ့ ပြည်သူတိုင်းက မြန်မာနိုင်ငံမှာ အညွန့်ထွက်လာတဲ့ အကြမ်းဖက် လူသတ်ပြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်အပ်တယ်ဆိုတဲ့ အဆိပ်ပင်ကို ဝိုင်းဝန်းရှင်းလင်းဖယ်ရှားဖို့ အောက်ပါ ရှုတ်ချမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြဖို့ ဒီဆောင်းပါးနဲ့ တိုက်တွန်းချင်ပါတယ်။ (၁) တန်ဖိုးရှိတဲ့ လူ့အသက်ကို အခကြေးငွေယူပြီး သူရဲဘောကြောင်စွာ အကြမ်းဖက် သတ်ဖြတ်တဲ့ ကြည်လင်းနဲ့ အပေါင်းအပါတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချဆန့်ကျင်ပါတယ်။ (၂) တိုင်းပြည်ရဲ့ လုံခြုံအေးချမ်းမှုကို ဖျက်ဆီးပြီး ရခိုင်ပြည်နယ်က အများပြည်သူတွေရဲ့ ဘဝ အိုးအိမ်တွေရဲ့ တည်ငြိမ်မှု ပျက်ပြားပြီး ကမောက်ကမ ဖြစ်အောင် အကြမ်းဖက် တိုက်ခိုက်သွေးဆောင်ခဲ့တဲ့ အာဆာအဖွဲ့နဲ့ နောက်ကွယ်က ကြိုးကိုင် လက်မည်း ဘာသာရေး အစွန်းရောက်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချဆန့်ကျင်ပါတယ်။ (၃) မြင့်မြတ်တဲ့ သင်္ကန်းကို ရုံနေရင်းက လူသတ်ဝါဒကို ချီးမွမ်းပြီး နောက်ထပ် လူသတ်မှုတွေ ကျူးလွန်အောင် အားပေးအားမြှောက်ပြုရင်း မြတ်ဗုဒ္ဓရဲ့ ဖြူစင်သောဝါဒကို အိုးမည်းသုတ်နေတဲ့ ဦးဝီရသူနဲ့တကွ အလိုတူ အလိုပါတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချဆန့်ကျင်ပါတယ်။ (၄) လူသတ်ဝါဒ၊ အကြမ်းဖက်ဓလေ့ကို မြန်မာ့မြေမှာ ရှင်သန်ကြီးးထွားလာအောင် ယုတ်မာကောက်ကျစ်တဲ့ နည်းမျိုးစုံသုံးပြီး အဆိပ်ခတ် လုပ်ကြံနေတဲ့ အာဏာငန်းဖမ်းဆဲ နောက်ကွယ်က လက်မည်းကြီးတွေ၊ ကြီးမိုက်ကြီးတသိုက်နဲ့ နောက်လိုက်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချဆန့်ကျင်ပါတယ်။ ဘာသာရေး အရေခြုံ အစွန်းရောက် အဆိပ်ပင် အမြစ်ထွက် ပေါက်ရောက် ရှင်သန်ခွင့်ရနေခြင်းရဲ့ မူလဘူတ အရင်းခံကို ရေဆုံးရေဖျားလိုက်ရင် တွေ့ရမှာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာ ထင်ထင်ရှားရှား မြင်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ခြေဥဟာ လူလူချင်း ဘူလီ ဗိုလ်ကျစီးပိုးခွင့်၊ အားကြီးသူက အနိုင်ယူ အခွင့်ထူးခံခွင့် အတွေးအခေါ်ကို အခြေပြုထားလို့ပါပဲ။ ဒါကြောင့် အကြမ်းဖက် အဖြေရှာတတ်တဲ့ အဆိပ်ပင်ကို အမြစ်က တူးထုတ်နိုင်ဖို့ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဆင်ဘဲ မပြီးမြောက်နိုင်ပါဘူး။ ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် တရားဥပဒေစိုးမိုးမှု မရှိအောင် သိတတ်နားလည်တဲ့ အများပြည်သူ အုပ်စိုးမှုဆိုတဲ့ ဒီမိုကရေစီနဲ့ လူသားဝါဒရဲ့ စံတန်ဖိုးတွေ ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးနေတဲ့ လက်မည်းကြီးတွေကို ဖော်ထုတ်ပြီး ဒီမိုကရေစီ ရည်မှန်းချက်ပန်းတိုင်ကို အမြန်ရောက်နိုင်ဖို့ ပြည်သူ့အစိုးရရဲ့ ပြည်သူ့အား ပေါင်းစပ် ဂဟေဟစက်ဖို့ အရေးတကြီး လိုနေပါကြောင်းနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူပါဝင်တဲ့ နိုင်ငံရေးမဟာအင်အားကြီးတရပ်ကို ဖော်ဆောင်နိုင်ဖို့ လူထု တရားဥပဒေစိုးမိုးမှု ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီတွေ ပေါ်ထွန်းလာအောင် ဆောင်ရွက်ကြဖို့ နှိုးဆော်သတိပေး အကြံပြုအပ်ပါတယ်။ မင်းကောင်းချစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024