Home
မြန်မာသတင်း
ကလေးငယ်နှင့် မသန်စွမ်းအမျိုးသမီးများအပေါ် မုဒိမ်းမှုကျူးလွန်ရင် ထောင်ဒဏ်တသက်ချမှတ် ရန် ဥပဒေ မူကြမ်းရေးဆွဲ
အောင်ဆန်းဦး
·
June 20, 2018
  ကလေးငယ်တွေနဲ့ မသန်စွမ်းအမျိုးသမီးတွေကို မုဒိမ်းမှုကျူးလွန်ရင် တသက်တကျွန်း ပစ်ဒဏ်ပေးဖို့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းမှာရေးဆွဲထားပါတယ်။ မြန်မာနိုင်ငံမှာ နှစ်အလိုက် မြင့်တက်လာနေတဲ့ သက်ငယ်မုဒိမ်း ကျူးလွန်မှုတွေ ကြောင့် အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို အကာအကွယ်ပေးနိုင်ဖို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းရေးဆွဲ ထားပြီးဖြစ်ပါတယ်။ ဒီဥပဒေမူကြမ်းမှာတော့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေနဲ့ မသန်စွမ်းအမျိုးသမီးတွေအပေါ် မုဒိမ်းမှုကျူးလွန်ပါ ကျူးလွန်သူကို အနည်းဆုံးထောင်ဒဏ် နှစ်၂၀ ကနေ အများဆုံး အသက်သေဆုံးချိန်အထိ အကျဉ်းထောင်အတွင်းမှာ နေထိုင်ရမယ့် တစ်သက်တစ်ကျွန်း အပြစ်ဒဏ်ပေးရမယ်လို့ ထည့်သွင်းရေးဆွဲထားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးစိုးအောင်က ပြောပါတယ်။ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းဟာ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ အကြံပြုချက်ရရှိပြီးဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားပြီးဖြစ်တယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။ အလားတူ အမျိုးသမီတွေအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေကိုလည်း ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ အကြံပြုချက်တွေကို ဝန်ကြီးဌာနအနေနဲ့ ပြင်ဆင်ဖြည့်စွက်တာတွေ လုပ်ဆောင်နေတယ်လို့ လည်းဆိုပါတယ်။ သက်ငယ်မုဒိမ်းကျူးလွန်သူတွေကို သေဒဏ်ချမှတ်ဖို့  ပြည်သူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက တာင်းဆိုတာတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ မှုခင်းဖြစ်ပွားမှုနှုန်းမှာ မုဒိမ်းမှုဟာ အများဆုံးဖြစ်ပွားနေပြီး မုဒိမ်းမှုထဲမှာ သက်ငယ်မုဒိမ်းဖြစ်ပွားမှုဟာ နှစ်အလိုက် ပိုမိုများပြားလာတယ်လို့လည်း ပြည်ထဲရေးဝန်ကြီး ဌာနက ပြောပါတယ်။ ၂၀၁၈ ခုနှစ် လေးလကာလအတွင်း မြန်မာနိုင်ငံအနှံ့မှာ ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုစုစုပေါင်းရဲ့ ၆၈ ရာခိုင်နှုန်းအထိ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024