လီဗာနဲ့ ဘရိတ်ကို မှားနင်းမိတာကြောင့် လမ်းသွားလမ်းလာတွေကို တိုက်မိစေခဲ့တဲ့ တက္ကစီယာဉ်မောင်းတဦးကို မော်စကိုတရားရုံးက ထောင်ဒဏ် ၂ လ ချမှတ်လိုက်ပါတယ်။
အဲဒီဖြစ်ရပ်ဟာ ရုရှားနိုင်ငံ မော်စကိုမြို့တော်က ကရင်မလင်နန်းတော် အနီးမှာ ဇွန်လ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့ပြီး လူ ၇ ဦးလောက် ဒဏ်ရာရရှိသွားခဲ့ပါတယ်။
ကာဂျစ်စတန်လူမျိုးဖြစ်တဲ့ တက္ကစီယာဉ်မောင်းက တရားရုံးမှာ ထွက်ဆိုရာမှာ “နှစ်ရက်လောက် မအိပ်ရသေးတာကြောင့် သူဟာ လီဗာနဲ့ ဘရိတ်ကို မှားပြီးနင်းမိတာ ဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် သူ့မှာ အပြစ်ရှိတယ်ဆိုတာကို သိနားလည်ကြောင်းနဲ့ ဒဏ်ရာရသူတွေကိုလည်း တောင်းပန်ပါကြောင်း ပြောကြားခဲ့ပါတယ်။
ဒဏ်ရာရသူတွေထဲမှာ မော်စကို ကမ္ဘာ့ဖလားကို လာရောက်ကြည့်ရှုကြတဲ့ မက္ကဆီကို လူမျိုးနှစ်ဦးလည်း ပါဝင်တယ်လို့ ရုရှားအစိုးရ တာဝန်ရှိသူတွေက ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။