Home
မြန်မာသတင်း
ဦးကိုနီလုပ်ကြံခံရမှုနှင့် ဆက်နွှယ်ပြီး အောင်ဝင်းဇော်ကို စွဲထားသည့် လက်နက်မှု ပယ်ဖျက်
အောင်သူ
·
June 18, 2018
  တရားလွှတ်တော် ရှေ့နေဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး တရားရုံးက ဇေယျာဖြိုးကို စွဲချက်တင်ထားတဲ့ ပုဒ်မကို ပြင်ဆင်ဖို့ အမိန့်ချမှတ်ခဲ့ပြီး အောင်ဝင်းဇော်ကို စွဲထားတဲ့ လက်နက်မှုကိုတော့ ပယ်ဖျက်လိုက်ပါတယ်။ ဦးကိုနီလုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး မူလတရားရုံးက စွဲချက်တင်ထားတဲ့ပုဒ်မတွေကို ပြင်ဆင်ပေးဖို့ နှစ်ဘက် လျှောက်ထားချက်ကို ရန်ကုန်တိုင်း ဒေသကြီးတရားရုံးက ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့အပေါ် မူလတရားရုံးက စွဲချက်တင်ထားတဲ့ ပုဒ်မတွေအတိုင်း  ပြန်စစ်ဆေးဖို့ ဇွန် ၁၈ ရက်က အမိန့်ချမှတ်ခဲ့ပါတယ်။ ဒီအမှုမှာငွေပေးစေခိုင်းတယ်ဆိုပြီး တင်ကူးကြံရွယ်ချက်နဲ့ စွဲချက်တင်ခံထားရတဲ့ ဇေယျာဖြိုးကိုတော့ မူလတရားရုံးက စွဲချက်တင်ထားတဲ့ ပုဒ်မ ၃၀၂ (၁)ခ /၃၄ အစား ၃၀၂ (၁)ခ / ၁၀၉နဲ့ ပြောင်းလဲစစ်ဆေးဖို့အမိန့်ချမှတ်ခဲ့ပြီး အောင်ဝင်းဇော်ကို စွဲချက်တင်ထားတဲ့ လက်နက်မှုတွေကိုလည်း ပယ်ဖျက်လိုက်တယ်လို့  တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဋ္ဌေးက ပြောပါတယ်။ ဦးကိုနီကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံတာကို အကြမ်းဖက်မှု ဥပဒေနဲ့ပါထပ်ပြီး အရေးယူဖို့ တရားလိုဘက်က ရှေ့တွေရဲ့ တင်ပြချက်ကို ရန်ကုန်တိုင်း တရားရုံးက ပလပ်လိုက်ပါတယ်။ စွဲချက်ပြင်ဆင်ဖို့ အမိန့်ချမှတ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဦးအောင်နိုင်က စွဲချက်ပြင်ဆင် ချက်တွေကို ဘယ်သူ့ဖိအားတွေမှမပါဘဲ စစ်ဆေးတွေ့ရှိချက်တွေအရသာ အမိန့်ချမှတ်တာဖြစ်တယ်လို့ အမိန့်မချမှတ်ခင်မှာ ပြောပါတယ်။ ဦးကိုနီဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေဦးခင် မောင်ဋ္ဌေးကတော့ အခုချမှတ်လိုက်တဲ့အမိန့်နဲ့ပတ်သတ်ပြီး တရားသူကြီးအနေနဲ့ ဘယ်သူ့ဘက်မှ မလိုက်ဘဲဥပဒေ မျက်နှာပဲကြည့်ပြီး ချမှတ်လိုက်တာဖြစ်လို့ ကြိုဆိုတဲ့အကြောင်း သတင်းထောက်တွေကိုပြောပါတယ်။ ဦးကိုနီကို သတ်ခဲ့တဲ့ကြည်လင်းကို တင်ကူကြံရွယ်မှု ၃၀၂ (၁)ခ /၃၄ ၊ ၃၀၂ (၂) အပြင်လက်နက်မှုနဲ့ မူလတရားရုံးက စွဲချက်တင်ထားပြီး အောင်ဝင်းဇော်ကိုတော့ တင်ကူကြံရွယ်မှု  ၃၀၂ (၁)ခ /၃၄ အပြင်လက်နက်မှုနဲ့ပါ စွဲချက်တင်ထားတာပါ။ ဇေယျာဖြိုးကိုတော့တင်ကူကြံရွယ်မှု ၃၀၂ (၁)ခ /၃၄ နဲ့စွဲချက်တင်ထားကာ အောင်ဝင်းထွန်းကိုတော့ တရားခံကို လွတ်မြောက်အောင်အားပေးကူညီမှု ၂၁၂ နဲ့စွဲချက်တင်ထားပြီး ငွေကျပ်သိန်း ၅၀၀ နဲ့အာမခံပေးထားတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024