အချင်းချင်း တိုက်ရိုက်ဆက်သွယ်ရန် ကင်ဂျုံအန်းနှင့် ဖုန်းနံပါတ်ချင်း လဲလှယ်ခဲ့ဟု ထရမ့်ပြော

အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် နှစ်ယောက်ဟာ အချင်းချင်း တိုက်ရိုက် ဆက်သွယ်နိုင်မယ့် တယ်လီဖုန်း နံပါတ်ချင်း လဲလှယ်ခဲ့ကြတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ အမေရိကန် မြို့တော် ဝါရှင်တန်ဒီစီမှာ သတင်းထောက်တွေနဲ့ ဇွန်လ ၁၅ ရက် တွေ့ချိန်မှာ ခုလို ပြောလိုက်တာပါ။ ဇွန် ၁၂ ရက်က စင်ကာပူမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့ရဲ့ ထိပ်သီးညီလာခံမှာ တိုက်ရိုက် ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်တွေ ဖလှယ်ခဲ့တယ်လို့ ထရမ့်က ပြောပါတယ်။ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး စိစစ်အတည်ပြုဖို့ကိုလည်း မြောက်ကိုရီးယားနဲ့ သဘောတူခဲ့တယ်။ ဘယ်တော့ စိစစ် အတည်ပြုမလဲလို့ သတင်းထောက်က မေးရာမှာ “ကျနော်တို့ တတ်နိုင်သမျှ အမြန်ဆုံး အလုပ်လုပ်နေတယ်” လို့ ထရမ့်က ဖြေပါတယ်။ “မြောက်ကိုရီးယား ပြည်သူတွေနဲ့ မြောက်ကိုရီးယားထဲမှာ ရှိနေတဲ့ ကျနော့် နိုင်ငံသားတွေကို စကားပြောမယ်။ အခု ကျနော်တို့ဟာ မြောက်ကိုရီးယားနဲ့ အင်မတန် ကောင်းတဲ့ ဆက်ဆံရေး ရထားတယ်။ ကျနော် ပြဿနာကို ဖြေရှင်းခဲ့ပြီးပြီ။ အင်မတန် ကောင်းတဲ့ စာရွက်စာတမ်းတခု လက်မှတ်ထိုးခဲ့တယ်။ ဒီစာရွက်စာတမ်းက ပိုအရေးကြီးတယ်။ ကင်ဂျုံအန်းနဲ့ အင်မတန်ကောင်းတဲ့ ဆက်ဆံရေး ရခဲ့ပြီ။ အခု ကျနော် သူ့ကို ဖုန်းခေါ်နိုင်ပြီ။ ငါတို့မှာ ပြဿနာရှိတယ်လို့ အခု ပြောနိုင်ပြီ” လို့ ထရမ့်က ပြောပါတယ်။ “ကျနော်တို့ဟာ စစ်တပ်ကို သိပ်အားကောင်းအောင် တည်ဆောက်ထားတယ်။ ဒီနှစ် ဘီလျံ ခုနှစ်ရာ နောက်နှစ် ၇၁၆ ဘီလျံ သုံးမယ်။ ဘယ်သူကမှ ကျနော်တို့ကိုကို လာရှုပ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်က ဒါကို ဘယ်တော့မှ သုံးချင်တာ မဟုတ်ဘူး” လို့လည်း ထရမ့်က ထပ်ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up