စကပ်အောက်မှ ဓာတ်ပုံခိုးရိုက်သူများကို ပြင်းပြင်းထန်ထန် အရေးယူတော့မည်

ဗြိတိန် ဥပဒေသစ်များကြောင့် အမျိုးသမီးတွေရဲ့စကပ်အောက်ကနေ ဓာတ်ပုံခိုးရိုက်သူတွေကို ထိထိ ရောက်ရောက်အရေးယူနိုင်တယ်မယ်လို့ The Sun သတင်းမှာ ဖော်ပြပါတယ်။ ဗြိတိန်နိုင်ငံက လွှတ်တော်အမတ်တွေနဲ့ တာဝန်ရှိသူတွေက အမျိုးသမီးတွေရဲ့ စကပ်အောက်ကနေ ဓာတ်ပုံခိုးရိုက်မှုကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုအဖြစ်သတ်မှတ်ပြီး ဒီပြစ်မှုမျိုးကို အရေးယူခံရခြင်းကနေ ကင်းလွတ်ခွင့်ပေးတဲ့ လက်ရှိတရားစီရင်ရေးရဲ့ အားနည်းချက်တွေကို ပြင်ဆင်ပေးမယ့် ဥပဒေမှုကြမ်းတခုကို အရှိန်မြှင့်တင်ဆောင်ရွက်လာလို့ ဖြစ်ပါတယ်။ ဥပဒေသစ်ပြင်ဆင်ရေး တက်ကြွလှုပ်ရှားသူတွေက စကပ်အောက်ကနေ ဓာတ်ပုံခိုးရိုက်မှုတွေကို  တရားဥပဒေနဲ့အညီ အရေးယူပေးဖို့ ယခင်ကတည်းက ဆောင်ရွက်ခဲ့တာပါ။ ဒီအခြေအနေမှာ အမျိုးသမီး ဖုံးကွယ်ထားအပ်တဲ့ ခါးအောက်ပိုင်းဧရိယာတွေကို ဗွီဒီယိုရိုက်ခြင်းမျိုးလည်း ပါဝင်ပါတယ်။ ဗြိတိန်တရားစီရင်ရေးဌာနက အခုလို ဓာတ်ပုံ၊ ဗွီဒီယိုရိုက်ခြင်းမျိုးကို လက်ရှိဥပဒေနဲ့တင် လုံလာက်ပြီလို့ ယခင်က သတ်မှတ်ခဲ့တာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ သူတို့ဟာ ဒီလိုဓာတ်ပုံခိုးရိုက်ခံရသူတွေကို ကာကွယ်ပေးပြီး ခိုးရိုက်သူတွေကို ပြစ်မှုတိုးမြှင့်နိုင်တဲ့ လစ်ဘရယ်ဒီမိုကရက်တွေနဲ့ ဥပဒေမူကြမ်းတခုကို ထောက်ခံလာပြီဖြစ်ပါတယ်။ လွှတ်တော်အမတ် ဝါရာဟော့ဟောက်စ်၊ တက်ကြွလှုပ်ရှားသူ ဂျီနာမာတင်နဲ့ သူမရဲ့ ဥပဒေအကျိုးတော်ဆောင်တို့ဟာ ဒီဥပဒေမူကြမ်းသစ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို တာဝန်ရှိသူတွေထံ တင်ပြတော့မှာဖြစ်ပါတယ်။ “ “ကျမတို့ရဲ့တောင်းဆိုမှုကို အစိုးရဘက်က တုံ့ပြန်မှုက မဖြစ်မနေအဖြေရှာဖို့ လိုအပ်တဲ့ ဥပဒေရဲ့ လစ်ဟာမှုတခုကြောင့်ဖြစ်တဲ့ အကျိုးဆက်တွေအပေါ် မှန်ကန်စွာ ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်” လို့ လွှတ်တော်အမတ် ဟော့ဟောက်ကပြောပါတယ်။ “အခုအချိန်မှာတော့ တစုံတယောက်အနေနဲ့ စကပ်အောက်က ဓာတ်ပုံခိုးရိုက်ခံရရင် အရိုက်ခံရသူကို ပြစ်မှုကျူးလွန်ခံရသူအဖြစ်သတ်မှတ်ပြီး ပြစ်မှုကျူးလွန်သူကိုလည်း ရဲတပ်ဖွဲ့က တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ်” လို့လည်း သူကဆက် လက်ပြောဆိုပါတယ်။ ဒီပြစ်မှုကို တင်းတင်းကြပ်ကြပ်အရေးယူရေးအတွက် တက်ကြွလှုပ်ရှားသူ ဂျီနာမာတင်က သူမကိုယ်တိုင် ဓာတ်ပုံခိုးအရိုက်ခံခဲ့ရတဲ့ ပြီးခဲ့တဲ့ ၁ နှစ်နီးပါးကတည်းက စတင်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ အချက်အလက်များအရ ၂၀၁၅ ခုနှစ်အတွင်း ဗြိတိန်မှာ စကပ်အောက်က ဓာတ်ပုံခိုးရိုက်ခံရတယ်လို့ တိုင်ကြားမှုပေါင်း ၇၈ ခုရှိခဲ့ပြီး အဲ့ဒီထဲကမှ သံသရှိသူ ၁၁ ဦးကိုသာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up