Home
Lead Story
သထုံမြို့နယ်တွင် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းယိုစိမ့် ပေါက်ကွဲမှု ဖြစ်ပွား
DVB
·
June 16, 2018
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကတိုက်ကြီးကျေးရွာအနီး စားကျက်မြေတခုအတွင်းရှိ လယ်ကွက်ထဲမှာ ဇွန် ၁၃ ရက်နေ့၊ ညနေပိုင်းက သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဆိုပါသဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ မုတ္တမကမ်းလွန်မှ ရန်ကုန်မြို့ကို သွယ်တန်းထားတာဖြစ်ပြီး ဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်ရာမှ ပေါက်ကွဲမူဖြစ်ပွားခဲ့ရာ အမြင့်ပေ ၃၀ ခန့်အထိ လေထဲကို ရေပန်းတွေအဖြစ် ပန်းထွက်ခဲ့တာဖြစ်ပါတယ်။ ကတိုက်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းကြည်က "အသံက ဝုန်းကနဲဆိုပြီး တရွာလုံးကကြားကြပါတယ်။ မိုးကလည်း ရွာထားတော့ လယ်ကွင်းထဲမှာ ရေပြည့်နေလို့ အဲ့ဒီနားက လူတွေတော့ အန္တရာယ်မဖြစ်ခဲ့ကြပါဘူး။ မနှစ်ကလည်း ဒီနားမှာ တခါဖြစ်ဖူးသေးတယ်။ ခုလို ထပ်ဖြစ်တော့ ရွာသားတွေက ကြောက်ကြတာပေါ့" လို့ ပြောပါတယ်။ ဓာတ်ငွေ့ပိုက်လိုင်းဟာ ကံပေါက် - မြိုင်ကလေး ၂၀ လက်မ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြစ်ကာ ဘီးလင်းမြစ်ထဲကို ပိုက်လိုင်းကျိုးပြတ်ခဲ့တာကြောင့် သထုံမြို့ဝင်ကြေးဂိတ်အနီးရှိ ၂၀ လက်မပိုက်လိုင်းကို ၁၄ လက်မ ဘောဘားနဲ့ ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။ ခုအခါ ဘီးလင်းမြစ်နဲ့ စစ်တောင်းမြစ်တို့မှ မြေအောက်လှိုင်ခေါင်း ဆက်သွယ်ပြီးစီးသွား၍ အဆိုပါ ၁၄ လက်မ ဘောဘားကို ဖြတ်တောက်ဖယ်ရှားပြီး ၂၀ လက်မ ပိုက်လိုင်းအစားထိုး ဆောင်ရွက်ဖို့အတွက် ဇွန် ၁၀ ရက်နေ့မှာ စတင်ပြင်ဆင်ဆောင်ရွက်နေစဉ် အခုလို ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဓာတ်ငွေ့ယိုစိမ့်ပေါက်ကွဲရာနေရာကို နယ်မြေခံတပ်မတော် တာဝန်ရှိသူတွေ၊၊ ကတိုက်ကြီးကျေးရွာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ သတင်း-ယူမင်းစိုး ဓာတ်ပုံ-ကျော်ဇင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024