Home
မြန်မာသတင်း
မိုးအဆက်မပြတ်ရွာသွန်းပြီး ရန်ကုန်-စစ်တွေ ကားလမ်း အဆက်အသွယ် ပြတ်တောက်
DVB
·
June 15, 2018
ရခိုင်ပြည်နယ်ထဲမှာ မိုးအဆက်မပြတ် ရွာသွန်းနေခဲ့တဲ့အတွက် မြို့နယ်တချို့ ရေလျှံ နစ်မြုပ်ခဲ့ပြီး ရန်ကုန်-စစ်တွေ ကားလမ်း အဆက်အသွယ် ပြတ်တောက်သွားပါတယ်။ ဇွန်လ ပထမပတ်ကစပြီး ဆက်တိုက်ရွာနေတဲ့မိုးဟာ ဇွန်လ ၁၄ ရက်မှာ ပိုမိုသည်းထန်လာခဲ့တာကြောင့် မင်းပြား၊ အမ်း စတဲ့မြို့နယ်တွေက အနိမ့်ပိုင်းရပ်ကွက်နဲ့ ကျေးရွာတွေမှာ ရေကြီးရေလျှံခဲ့ပြီး နေအိမ်တချို့ အရေးပေါ် ပြောင်းရွှေ့လိုက်ရပါတယ်။ မင်းပြားမြို့နေ ကိုစိုးဝင်းက “မင်းပြားမြို့ပေါ်မှာ ရေတက်လာနေပြီ။ တချို့နေရာတွေမှာ ငါးပေ ခြောက်ပေလောက်အထိ ရှိနေတယ်။ ကျေးရွာ သုံးဆယ်ကျော်လောက် ရေနစ်မြုပ်နေတယ်လို့ သိရတယ်။ အခု ဘယ်မှသွားလို့ မရဘူး။ လှေနဲ့ ပြောင်းနေတာတွေတော့ ရှိနေတယ်။ ကျနော့်အိမ်အောက်ထပ်မှာ ရေက လေးပေကျော်ကျော်ရှိတယ်" လို့ ပြောပါတယ်။ မင်းပြားမြို့နဲ့ မြောက်ဦးမြို့ကြားမှာ ကားလမ်းရေကျော်နေတာကြောင့် စစ်တွေက ရန်ကုန်၊ မန္တလေးကို လာတဲ့ အဝေးပြေးကားတွေ ခရီးဆက်လို့မရသလို ရန်ကုန်-မန္တလေးက စစ်တွေကိုလာတဲ့ ကားတွေကလည်း ငဖဲ၊ စေတုတ္တရာမြို့နယ်တွေထဲမှာ ခရီးဆက်လို့ မရသေးပါဘူး။ အမ်းမြို့နယ်အဝင် ကိုးကန်တန်းရွာနားမှာလည်း ကားလမ်းပေါ်မှာ လေးပေလောက်အထိ တောင်ကျရေ ဖုံးလွှမ်းသွားတဲ့အတွက် အမ်းမြို့ပေါ်ကိုလည်း အဆက်အသွယ် ပြတ်တောက်သွားပါတယ်။ ခရီးသည် ကိုအောင်အောင်ထွန်းက “ကျနော် ရန်ကုန်သွားဖို့ စောင့်နေတာပါ။ နှစ်ရက်ရှိပြီ။ ကားလမ်းတွေပိတ်နေလို့ ဆက်လို့ မရသေးဘူး။ တချို့ကားတွေလည်း လမ်းမှာ ပိတ်နေတုန်းပဲလို့ သိရတယ်” လို့ ဆိုပါတယ်။ အမ်းချောင်း ရေလျှံပြီး ရေဝင်လာတဲ့အတွက် အမ်းမြို့ပေါ်က အမှတ် ၃ ရပ်ကွက်နဲ့ ၄ ရပ်ကွက်ထဲက နေအိမ် ၁၀၀ ကျော် အရေးပေါ် ပြောင်းရွှေ့လိုက်ရပါတယ်။ မီးသတ်တပ်ဖွဲ့က ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သလို နီးစပ်ရာ လောင်းလှေတွေ အကူအညီရယူပြီး ပြောင်းရွှေ့နေကြရတာပါ။ လှေနဲ့ ကူညီပြောင်းရွှေ့ပေးနေတဲ့ ဦးအောင်လံက “ကျနော်တို့ ဒီ ၄ ရပ်ကွက်ထဲမှာ ကူညီပေးလိုက်ရတာ အိမ် ငါးဆယ်လောက်ရှိပြီ။ ရေက ထပ်တက်လာနေတုန်းဆိုတော့ နောက်ထပ်မြုပ်မယ့်အိမ်တွေ ရှိနေသေးတယ်။ ပြောင်းရွှေ့ပေးဖို့ အကူအညီတော့ လိုနေသေးတယ်" လို့ ပြောပါတယ်။ အမှတ် ၃ ရပ်ကွက်မှာနေတဲ့ ဒေါ်ပုလေးက “အရင်က ဒီလိုဖြစ်တာ သိပ်မရှိခဲ့ဘူး။ အခု သုံးနှစ်လောက်ရှိပြီ ရေဝင်တာ။ အစစအရာရာ အခက်အခဲတွေ ဖြစ်ကုန်တယ်။ အရီးတို့ ပြောင်းနေတဲ့အိမ်မှာပဲ မိသားစု ခုနစ်အိမ် ရှိနေပြီ။ တခြား ဒီထက် အခက်အခဲ ဖြစ်တဲ့လူတွေလည်း ရှိနေတယ်။ အကူအညီလေးတော့ ပေးစေချင်တယ်" လို့ ပြောပါတယ်။ ကျောက်တော်မြို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂၂၁ မီလီမီတာ၊ အမ်းမြို့မှာ ၁၉၈ မီလီမီတာနဲ့ မြောက်ဦးမြို့မှာ ၁၈၉ မီလီမီတာ ရွာသွန်းခဲ့သလို ကုလားတန်မြစ်ရေဟာ ကျောက်တော်မြို့ရဲ့ စိုးရိမ်ရေမှတ်အနီးကို ရောက်ရှိနေပြီး လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ကျော်လွန်ရှိနေပြီလို့ မိုးဇလဌာနက သတင်းထုတ်ပြန်ထားပါတယ်။ သတင်း၊ ဓာတ်ပုံ - ကိုအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024