Home
ဆောင်းပါး
ရုပ်ရှင်ကြည့်ခွင့်မရသော ပြည်သူများ
DVB
·
June 15, 2018
အနုပညာကို ဖန်တီးတာပဲဖြစ်ဖြစ်၊ သူများဖန်တီးတာကို ကြည့်ရှုခံစားတာပဲဖြစ်ဖြစ် နှစ်မျိုးစလုံးက စိတ်ကို သက်သောင့်သက်သာ ဖြစ်စေတတ်သလို စိတ်ကူးဉာဏ်တွေကိုလည်း ပွင့်လာစေတာ အမှန်ပါ။ နောက်တခုက ရုပ်ရှင်အနုပညာသည် သဘာဝဆန်သည့် လူသားတွေ၏ အပြုအမူကို ဖော်ပြနေသည်။ အသံတိတ်ခေတ်၊ အသံထွက်ခေတ်၊ အဖြူအမည်း၊ ဆေးရောင်စုံ စသည့် ခေတ်အမျိုးမျိုးမှာ ရိုက်ကူးထုတ်လုပ်ခဲ့ကြသော မြန်မာ့ရုပ်ရှင်ကားများစွာကို ကျနော်တို့ ရခိုင်ပြည်သူများ ကြည့်ရှုခွင့်ရရှိခဲ့ကြပေမယ့် ယနေ့ခေတ် အချိန်ကာလတွင် ရခိုင်ပြည်နယ် မြို့များရှိ ရုပ်ရှင်ရုံများ၌ ရုပ်ရှင်ကားများ မပြသသည်မှာ ဆယ်စုနှစ်တခုနီးပါး ရှိနေပါပြီ။ ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်သည့် အခမ်းအနား ကျင်းပပုံကို မြန်မာ့ရုပ်မြင်သံကြားနှင့်တကွ အခြား ကိုယ်ပိုင်ရုပ်သံ TV CHANNEL လိုင်းများက တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ကြပြီး ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ၁၂ ဆုကို ချီးမြှင့်ပေးသလို ထူးခြားမှုအနေဖြင့် ၂၀၁၇ ခုနှစ်အတွက် အထူးဆုတဆုဖြစ်သော တသက်တာ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခြင်းခံရသော “စည်သူဘိုလေးတင့်အောင်’’ အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ပြီး ဆုပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အကယ်ဒမီဆုပေးပွဲမှာ မြင်နေရသည့် မြင်ကွင်းအတိုင်း ရုပ်ရှင်ထူးချွန်ဆု ရရှိသူများက အပျော်လွန်ပြီး ငိုသူငို ရယ်သူကရယ်နှင့် ရုပ်ရှင်လောကသားများ၏ တယောက်အပေါ်တယောက် ထားကြသော မုဒိတာတရားများကိုလည်း မြင်တွေ့လိုက်ရပါသေးသည်။ ၂၀၁၇ ခုနှစ်အတွက် ပရိသတ်တွေ ရစေချင်နေသော မင်းသား နေတိုး အကယ်ဒမီ ရရှိသွား၍ တနိုင်ငံလုံးက နေတိုး၏ပရိသတ် နှုတ်ခမ်းနီမချောလေးများ အရမ်းပျော်ကြသလို ရခိုင်တပြည်နယ်လုံးက ရုပ်ရှင်ချစ်ပရိသတ်များလည်း အထူးပျော်ရွှင် ဝမ်းမြောက်ကြပါသည်။ ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီဆုပေးပွဲ) ကို ကြည့်ရှုကြသော ကျနော်တို့ရပ်ကွက်ရှိ အိမ်တိုင်းလိုလို၌ အမျိုးသားဇာတ်ဆောင်ဆုကို ‘နေတိုး’ ဟု ကြေညာလိုက်ချိန်တွင် တရပ်ကွက်လုံး လက်ခုပ်သံ ဆူညံသွားပါလေတော့သည်။ မင်းသားနေတိုး အကယ်ဒမီဆု ရရှိသွားသည်ကို မြင်လိုက်ရချိန် ကျနော့်ဘေးမှာ ထိုင်ကြည့်နေသည့် မိန်းမအား ‘ငါထင်တဲ့အတိုင်း နေတိုးရသွားတာပဲဟု’ ပြောမိလေရာ ကျောင်း လေးတန်းတက်နေသော သမီးငယ်က အဖေ ရုပ်ရှင်ကားတွေ မကြည့်ဘဲနှင့် နေတိုး အကယ်ဒမီရမယ်ဆိုတာ အဖေ ဘယ်လိုသိနေတာလဲဟု ဓမ္မဓိဋ္ဌာန်ကျကျ မေးခွန်း မေးမြန်းပါလေတော့၏။ ကျနော့်သမီးငယ် ပြောသလို ကျနော်တို့ စစ်တွေမြို့မှာ ရုပ်ရှင်ရုံမရှိ၍ ရုပ်ရှင်ကားများ ကြည့်ခွင့်မရကြပါ။ အမှန်မှာ ကျနော်သည် သတင်းစာနှင့် ဂျာနယ်များ၌ အကယ်ဒမီတစ်ကြို ခန့်မှန်းရေးသားထားသည်ကို ဖတ်ရ၍ နေတိုးရမည်ဟု ခန့်မှန်းပြောဆိုနေခြင်းသာ ဖြစ်ပြီး မင်းသားနေတိုး ရရှိသော ‘တာတေကြီး’ ရုပ်ရှင်ဇာတ်ကားကို မကြည့်ဘူး၍ ကျနော်သည် အများနောက်က သံယောင်လိုက်နေခြင်းသာ ဖြစ်ပါ၏။ ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နှင့် အခြားမြို့များတွင်  ယခုအချိန်၌ ရုပ်ရှင်ရုံများ မရှိတော့၍ ရခိုင်ပြည်သူများ ရုပ်ရှင်ကားများကို ကြည့်ရှုခွင့်မရကြခြင်း ဖြစ်သည်။ ကျနော်တို့မိသားစုသည် ရုပ်ရှင် CRAZY ‘ရုပ်ရှင်ချစ်သူများ’ ဖြစ်ကြပါသည်။  ငယ်ငယ်တုန်းက ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေနေ့များတွင် ညနေပွဲ ကားသစ်ကြည့်ဖို့ မိဘများ ခွင့်ပြုပေးဖို့အတွက် နေ့လယ်ကတည်းက စာဖတ်ထားရပါသည်။ ဆိုရှယ်လစ်ခေတ်၌ စစ်တွေမြို့တွင် ရုပ်ရှင်ရုံ ၄ ရုံ ရှိခဲ့သော်လည်း ကျနော်တို့ ကျောင်းသားဘဝ ၁၉၈၀ ပြည့်နှစ်လွန်အချိန်တွင် ‘မြ’ ရုပ်ရှင်ရုံနှင့် ‘မြို့မ’  ရုပ်ရှင်ရုံများတွင်သာ ရုပ်ရှင်ပြသပါတော့သည်။ စစ်တွေမြို့၌ ညဈေးမီးလောင်ပြီးနောက် ‘ဇိမ်ရုံ’ နှင့် ‘အသံထွက်ရုံ’ တို့တွင် ရုပ်ရှင်ကားများ ပြသခြင်း မရှိတော့ဟု မိဘများထံမှ ကြားသိရပါသည်။ ငယ်စဉ်ဘဝ ရုပ်ရှင်ကြည့်တတ်ချိန်မှာ ‘ဗန်တိုလူလေးနှင့်သူဇာ’၊ ‘မွန်းတည့်ချိန်မှာ နေဝင်သည်’၊ ‘ချစ်ကြိုးလေးနှစ်မျှင်’၊ ‘ဒိုး’ စသည့် မြန်မာရုပ်ရှင်ကားများကို ကြိုက်ခဲ့သလို ‘ရှောင်ကွန်နရီ’၊ ‘ရော်ဂျာမိုး’၊ ‘ဂျိန်းစဘွန်း’ စသည့် နိုင်ငံခြားကားများကို ကြည့်ဖူးခဲ့ပါ၏။ ‘အမီတာဘာဂျန်း’ ပါဝင်သော အိန္ဒိယဇာတ်ကားများနှင့် ‘တီလုံး၊ ဒေးဗစ်ဂျန်း’ တို့ ပါဝင်သော တရုတ် ရုပ်ရှင်ကားများကိုလည်း မြို့မရုပ်ရှင်ရုံတွင် အလယ်တန်းကျောင်းသားဘဝတုန်းက ကြည့်ခဲ့ရပြီး အလွန်ကြိုက်နှစ်သက်ခဲ့ပါသည်။ စစ်တွေမြို့ရှိ ‘မြ’ ရုပ်ရှင်ရုံနှင့် ‘မြို့မ’ ရုပ်ရှင်ရုံတို့နှင့်ပတ်သက်၍ ဝမ်းနည်းဖို့ကောင်းတာတခုက ယခုအချိန်တွင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ လက်ထဲသို့ ရောက်ရှိသွားသဖြင့် ‘မြ’ ရုပ်ရှင်ရုံသည် KBZ ဘဏ် ဖြစ်သွားပြီး ‘မြို့မ’ ရုပ်ရှင်ရုံသည် ကော်ဖီဆိုင်လိုလို စားသောက်ဆိုင်လိုလို ဖြစ်နေပါသည်။ ၁၉၇၀၊ ၁၉၈၀ ပြည့်နှစ်လွန်များက ရခိုင်ပြည်နယ်ရှိ ရုပ်ရှင်ရုံများသည် မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့သလို မြို့တိုင်း၌လည်း ရုပ်ရှင်ကားများ ပြသခဲ့သည်။ ကျနော်တို့ စစ်တွေမြို့၌ဆိုပါလျှင် ဓညဝတီ ရေတပ်စခန်းဌာနချုပ်ရှိ ‘ရေတပ်ရုပ်ရှင်ရုံ’ နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ ‘ရဲသီဟရုပ်ရှင်ရုံ’ တို့တွင်လည်း ရုပ်ရှင်ကားများ ညဘက်ချိန်တွင် နေ့တိုင်းလိုလို ပြသခဲ့ကြသလို နယ်လှည့်ရုပ်ရှင်များလည်း စစ်တွေမြို့တွင် မကြာခဏ လာရောက်ပြသခဲ့ပါသည်။ ကျနော်သည် ငယ်စဉ်တုန်းက ကျောင်းပိတ်ရက်များတွင် အိမ်နှင့်နီးသော ‘မြ’ ရုပ်ရှင်ရုံ၌ ကားသစ်လဲလှယ်ပါလျှင် မပျက်မကွက် ရှေ့ဆုံး ငါးမူးတန်းက သွားကြည့်လေ့ ရှိတတ်သည်။ နောက်တခုက ရုပ်ရှင်ရုံများတွင် ကားသစ်လဲလှယ်သည့်အခါတိုင်း ပန်းချီပိုစတာများကို လေးဘီးဂျစ်ကားပေါ်တွင်တင်ပြီး မြို့ကိုပတ်၍ ကြော်ငြာစာရွက်များ လိုက်ဝေငှလျှင် ကလေးပီပီ ကားနောက်က လိုက်ကောက်ဖူးပါသည်။ ၁၉၇၀ ပြည့်နှစ်လွန်များက ကျနော်တို့ ရခိုင်ပြည်နယ်၌ ရုပ်ရှင်ချစ်သော ပရိသတ် များစွာရှိခဲ့သလို ‘ဝင်းဦး၊ ကြည်စိုး’ စသည့် ရုပ်ရှင်မင်းသားများကို အရူးအမူး စွဲလမ်းသော  အမျိုးသမီး ရုပ်ရှင်ပရိသတ်များစွာလည်း ရှိခဲ့ဖူးပါသည်။ ကျနော့်အဒေါ်တယောက် ဆိုပါလျှင် မင်းသား မောင်သင်ကို စာတိုက်ကနေ ရည်းစားစာပေးခဲ့ဖူးသည်ဟု သိရပါသည်။ ကားသစ်လဲလျှင် (BOOKING) ကြိုတင်လက်မှတ် လိုချင်သူ များနေတတ်၍ ရုပ်ရှင်ရုံ မန်နေဂျာများသည် အထူးမျက်နှာပွင့်ကြသည်။ ရခိုင်ပြည်နယ်မှ ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်များလည်း ခေတ်အလိုက် ပေါ်ထွန်းခဲ့သလို ယနေ့ခေတ်ကာလတွင်လည်း ရုပ်ရှင်သရုပ်ဆောင်နှင့် မော်ဒယ်များစွာ အနုပညာလောကထဲတွင် အောင်မြင်နေကြပါသည်။ ၂၀၁၇ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင် ထူးချွန်ဆု ရရှိသော မင်းသားနေတိုးသည် ရခိုင်တိုင်းရင်းသားလူမျိုး ဖြစ်သည်။ အနုပညာသည် လူသားတိုင်းအတွက် အရေးကြီးဆုံး အရာတခုပါ။ အနုပညာ ဆိုလိုက်တာနှင့် သမိုင်း၊ စာပေအနုပညာနှင့် ရုပ်ရှင်ဂီတ ပတ်သက်တာတွေ အားလုံး ပါဝင်နေပါသည်။ ကလေးအရွယ်ကစလို့ ကျောင်းသားဘဝတလျှောက် ကိုယ်ချင်းစာတရားကနေ ခေါင်းဆောင်မှုအထိ အနုပညာနှင့်ပဲ အသိပညာ ပေးကြပါသည်။ ရုပ်ရှင်သည် အနုပညာနှင့် အတတ်ပညာကို ပေါင်းစပ်ထားသည့်အရာဖြစ်လို့ ခံစားကြည့်ရှုသူများအတွက် တစုံတခု အသိပညာ ရရှိနိုင်သည်။ ယခုခေတ်မှာ ဗွီဒီယိုဇာတ်ကားများကို ဖုန်းထဲက ကြည့်လို့ရနေသလို TV CHANNEL လိုင်းပေါင်းစုံက ဇာတ်ကားများကို ထုတ်လွှင့်ပေးနေပေမယ့် ရုပ်ရှင်ရုံမှာ ကြည့်ရသော ခံစားမှုအရသာကို ဘယ်အရာမှ လိုက်လို့မီနိုင်မည် မထင်ပါ။ ကျနော်တို့ ကျောင်းသားဘဝတုန်းက ဆိုပါလျှင် အားလပ်ချိန်ကို စိတ်အပန်းဖြေဖို့ ရုပ်ရှင်ကားများ ကြည့်ရှုရခဲ့သောကြောင့် ယနေ့ခေတ် လူငယ်များလို မူးယစ်ဆေးဝါးသားကောင် မဖြစ်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ အမှန်မှာ ရုပ်ရှင်သည် ဖျော်ဖြေရေးပေးနေသော အရာတခုဆိုလျှင်လည်း မမှားပါ။  ရုပ်ရှင်ဇာတ်ကားများသည် လူအများကို အထူးသဖြင့် လူငယ်များကို စိတ်ဓာတ်ကောင်း၊ စရိုက်ကောင်းများ ဖြည့်ဆည်းပေးနေသော အရာလည်း ဖြစ်သည်။ ရုပ်ရှင်အဆင့်အတန်း မြင့်မားခြင်းဖြင့် အများပြည်သူအတွက် ဖျော်ဖြေမှုနှင့်အတူ မှန်ကန်သော အသိပညာ ဗဟုသုတများလည်း တိုးပွားနိုင်သည့်အတွက် အကျိုးပြုသည်ဟု ဆိုနိုင်ပါသည်။ ရုပ်ရှင်သည် အများပြည်သူကို အကျိုးပြုနေသလို တဖက်တွင် နိုင်ငံ၏ ပုံရိပ်တိုးတက်ရေးအတွက်လည်း အထောက်အကူပြုပေးနေပါသည်။ ရုပ်ရှင်ဇာတ်ကားများကို ကြည့်ရှုခြင်းသည် စိတ်ဖိစီးမှုကို လျော့ပါးသက်သာအောင် ကူညီပေးနိုင်သည့်အပြင် ကျနော်တို့ပတ်ဝန်းကျင်အတွက် အကောင်းဆုံး စိတ်ကုထုံးတခုလည်း ဖြစ်သည်။ ဒါကြောင့် ရုပ်ရှင်ဖန်တီးနေသူတို့သည်လည်း ရုပ်ရှင်ကို ရုပ်ရှင်နဲ့တူအောင် ရိုက်ပြတတ်ဖို့ လိုအပ်ကြပါလိမ့်မည်။ ရသကိုးပါး မြောက်ဖို့အတွက် မိမိတို့၏ အနုပညာအတတ်နှင့် အများပြည်သူကို ဖျော်ဖြေ လုပ်ကျွေးရတာ မွန်မြတ်ပါသည်။ ခံစားကြည့်ရှုသူတို့အဖို့ တစုံတခု အသိပညာရလိုက်ရင် ‘ကုသိုလ်လည်းရ ဝမ်းလည်းဝ အလုပ်ပါ’’။ ‘ရုပ်ရှင်သည် ပြည်သူ့အတွက်’ ဆိုနေကြပါလည်း ယနေ့ခေတ်ကာလတွင်  ရခိုင်ပြည်သူတို့မှာ ရုပ်ရှင်ဇာတ်ကားများ ကြည့်ရှုခွင့်ရမနေသော အချိန်တခု ဖြစ်နေပါသည်။ အခြားနေရာဒေသများတွင် ရုပ်ရှင်စတူဒီယို (STUDIO) နှင့် ရုပ်ရှင်ပညာ သင်တန်းကျောင်းများ တည်ဆောက်ဖို့ လုပ်နေကြချိန်တွင် ကျနော်တို့ ရခိုင်ပြည်နယ်ရှိ မြို့များတွင်လည်း ရုပ်ရှင်ရုံများ အသက်ပြန်ဝင်လာစေချင်ပါသည်။ ကျနော်သည် ကျောက်ဖြူမြို့ သစ်ပုတ်တောင်ရွာရှိ အမှတ် (၁၈) ရေတပ် အခြေစိုက်စခန်းတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ပင်ပန်းနွမ်းနယ်သမျှကို ကျောက်ဖြူမြို့ပေါ်သို့ တပတ်တခါ ကမ်းတက်ခွင့်ရသည့်အချိန် မင်္ဂလာရုပ်ရှင်ရုံတွင် ရုပ်ရှင်ကြည့်ရင်း အပန်းဖြေခဲ့ဖူးသည်ကို သတိရနေ၍ ကျောက်ဖြူမြို့ရှိ ‘မင်္ဂလာရုပ်ရှင်ရုံ’ သည်လည်း အသက်ဝင်လာစေချင်ပါသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရုပ်ရှင် စသည့် စာပေဂီတ အနုပညာသည် အဖွဲ့အစည်းတိုင်း၊ ယဉ်ကျေးမှုတိုင်း၊ နိုင်ငံတိုင်းမှာ ပုံစံအမျိုးမျိုးနှင့် တည်ရှိနေပါတယ်။ အနုပညာသည် ဆက်သွယ်ရေးတခုလည်း ဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားများသည် လူသားများကို အတွေးများ၊ အယူအဆများနှင့် အမြင်များ မျှဝေခံစားဖို့လည်း ကူညီနိုင်ပါသည်။ အချုပ်အားဖြင့် ရုပ်ရှင်ဇာတ်ကားများကို ကြည့်ရင်း မျက်ရည်ဝဲခြင်းနှင့် မျက်ရည်ကျခြင်းများ ဖြစ်ခဲ့ဖူးပါက မိမိ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများကို သန်မာစေသည်ဟု အဆိုရှိသလို ထိုသို့ မျက်ရည်ကျခြင်းသည်ပင် စာနာခြင်း၏ သင်္ကေတ ဖြစ်သည်။ ဇာတ်ကားအတွင်း သရုပ်ဆောင်များသည် တဦးတယောက်အပေါ် ဂရုစိုက် ပြုစုစောင့်ရှောက်သော သရုပ်ဆောင်ချက်များကြောင့် မိမိကိုယ်တိုင်ပါ လိုက်ပါစီးမျောခြင်းသည် မိမိအတွက် တိုး၍ တိုး၍ မေတ္တာ ကရုဏာ ကြီးမားစေခြင်းနှင့် သဘောထားကြီးခြင်းတို့ကို ဖြစ်ပေါ်လာတတ်စေပါသည်။ ‘ပြည်သူ့အတွက် ရုပ်ရှင်၊ ရုပ်ရှင်သည် ပြည်သူ့အတွက်’ ဖြစ်၍ ရခိုင်ပြည်သူ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေဖြင့် ရခိုင်ပြည်နယ်ရှိ မြို့များ၌ ရုပ်ရှင်ရုံများ ပြန်လည်အသက်ဝင်လာအောင် မိမိတို့ တက်ရောက်နေကြသော သက်ဆိုင်ရာ လွှတ်တော်အသီးသီးတွင် မေးခွန်းများ မေးမြန်းပေးကြစေလိုပါသည်။ အောင်ကြည်မိုး (စစ်တွေ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024