Home
မြန်မာသတင်း
ရေးမြို့နယ်အတွင်း လှိုင်းကြီးသဖြင့် နေအိမ် ၆ လုံး ရေထဲမျောပါ
DVB
·
June 15, 2018
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စု၊ ဓမင်းဆိပ်ကြီးကျေးရွာမှာ ဇွန်လ ၁၄ ရက် မွန်းလွဲပိုင်းက ရုတ်တရက် လှိုင်းကြီးကာ ပင်လယ်ရေ မြင့်တက်လာတာကြောင့် ကမ်းနဖူးက နေအိမ် ၆ လုံး ရေထဲမျောပါပြီး လူ ၃၈ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ လူအသေအပျောက် မရှိခဲ့ပေမယ့် ကမ်းနဖူးပေါ်က နေအိမ်တွေအပြင် ငါးပိကြိတ်စက်ရုံက အဆောင် ၂ ဆောင်အပါအဝင် တန်ဖိုးငွေကျပ် ၉၈ သိန်းလောက် ဆုံးရှုံးခဲ့ရတယ်လို့ အစင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်တိုးလွင်က ဒီဗွီဘီကို ပြောပါတယ်။ “ရေကြီး ရေထရက်နဲ့ ဆုံတော့ ရုတ်တရက် မြင့်တက်လာတယ်။ လှိုင်းလည်း ပါတယ်။ ဝန်ထမ်းနေတဲ့ တဲအိမ် ၆ လုံး မျောသွားတယ်။ ငါးပိကြိတ်စက်ရုံက ပစ္စည်းထားတဲ့ အဆောင် ၂ ဆောင်ရယ်၊ စက်တချို့လည်း ပျက်စီးတယ်။ မိသားစုတွေကိုတော့ စောင့်ရှောက်ထားပေးတယ်။” မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးခြင်းနဲ့ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေမှာ တနာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၁၀ ပေကနေ ၁၃ ပေခန့် ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက် ညကလည်း ရေးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူနေအိမ်တွေနဲ့ စာသင်ကျောင်းတချို့က အမိုးသွပ်တွေ ပျက်စီးခဲ့ပါတယ်။ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။ သတင်း - ဝင်းနိုင်သက်၊ ဓာတ်ပုံ - ကျော်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024