Home
မြန်မာသတင်း
မွန်ပြည်နယ်က သူနာပြုဝန်ထမ်းများ ရာထူးတိုးမြှင့်ရေး ကြန့်ကြာနေမှု စုံစမ်းမည်
DVB
·
June 15, 2018
မွန်ပြည်နယ်က သူနာပြုဝန်ထမ်းတွေ ရာထူးတိုးမြှင့်ဖို့ ကြန့်ကြာနေတာနဲ့ပတ်သက်ပြီး  စုံစမ်းပေးမယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ  ဇွန်လ ၁၄ ရက်က ကျင်းပနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒေသခံပြည်သူတို့ရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။ “Promotion နဲ့ပတ်သက်ပြီးတော့ သက်သက်နှိမ်ထားလား ဆိုတာ ကျန်းမာရေးဝန်ကြီး နေပြည်တော် ပြန်ရောက်ရင် စုံစမ်းလေ့လာပါ့မယ်။ ဒါမျိုးတွေ ဖြစ်တယ်ဆိုတာ တခါတလေ အဂတိကြောင့်လည်း ဖြစ်တတ်တယ်။ မပေးတဲ့လူကို ရာထူးမတက်ပေးဘူးပေါ့”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ပါဝင်ဦးဆောင်ဆွေးနွေးတဲ့ ဒေသခံကိုယ်စားလှယ် သူနာပြုဆရာမရဲ့ အမေးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ဖြေကြားတာလည်း ဖြစ်ပါတယ်။ သူနာမပြုဆရာမ မဆန်းသီရိက “သမီးက လုပ်သက် ငါးနှစ်ကျော်ပါပြီ။ ကျန်တဲ့ ပြည်နယ်တိုင်းက သူငယ်ချင်း ဂျူနီယာတွေဆိုရင် Promotion တွေ အရမ်းမြန်နေပြီးတော့ မွန်ပြည်နယ်မှာကျတော့ Promotion တွေ အရမ်းနှေးတာ ဘာကြောင့်လဲဆိုတာ သိချင်ပါတယ်” လို့ ဆွေးနွေးပွဲစကားဝိုင်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ကို မေးမြန်းသွားခဲ့တာပါ။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မွန်ပြည်နယ်ရှိ နယ်ပယ် အသီးသီးက တိုင်းရင်းသားပြည်သူတွေ ပါဝင်တဲ့ ငြိမ်းချမ်းရေး စကားဝိုင်းကို မော်လမြိုင်မြို့က မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမမှာ ဇွန်လ ၁၄ ရက်နေ့ မနက် ၁၀ နာရီကနေ မွန်းလွဲ ၁ နာရီလောက်ထိ  ကျင်းပခဲ့ပါတယ်။ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဒေသခံ ကျောင်းသားကျောင်းသူ၊ ကျောင်းဆရာ၊  စီးပွားရေးလုပ်ငန်းရှင်တွေ၊ အန်ဂျီအိုဝန်ထမ်းနဲ့ အစိုးရဝန်ထမ်းတွေ စုစုပေါင်းကိုယ်စားလှယ်  ၈ ဦးတို့ ပါဝင်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ မူးယစ်ဆေးဝါး အရေးနဲ့ ဒေသဖွံ့ဖြိုးရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ပါဝင်ဆွေးနွေးတဲ့ ကျောင်းဆရာ ကိုထွန်းထွန်းလင်းက “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တိုင်းရင်းသားတွေဘက်ကလည်း အစာမကြေတာတွေ ရှိတယ်။ ဒီဘက်ကလဲ ညှိရ ခက်နေတာတွေ ရှိတယ်။ ဒီအပေါ်မှာ ကျနော်တို့ ဖြစ်ချင်တာတွေကိုတော့ အားလုံးကို သိစေချင်တယ်။ ဒါက ကျနော်တို့အတွက် အခွင့်အရေးလို့ပဲ မြင်တယ်”လို့ ပြောပါတယ်။ ဒေသခံပြည်သူတို့ရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဦးဆောင်ပါဝင်ဆွေးနွေးမယ့်သူတွေကို မွန်ပြည်နယ် အစိုးရအဖွဲ့နဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးက တာဝန်ရှိသူတွေက ကနဦး တွေ့ဆုံပြီးမှ ရွေးချယ်ထားတာပါ။ ငြိမ်းချမ်းရေးဟာ လူငယ်တွေအတွက် အထူးအရေးကြီးတဲ့အကြောင်း၊ လူငယ်တွေ အလုပ်မရှိလို့ စိတ်လေပြီး လက်ဖက်ရည်ဆိုင်ထိုင်နေရင် လူမှုရေးတည်ငြိမ်မှု ထိခိုက်တဲ့အကြောင်း၊ မူးယစ်ဆေးစွဲ လူငယ်တွေကို ဆေးဖြတ်ရာမှာ ရပ်ရွာ အသိုင်းအဝန်းက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးဖို့ လိုတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024