ဆရာတော် ဘဒ္ဒန္တဓမ္မာနန္ဒ ထိုင်းနိုင်ငံ လန်းပန်ဆေးရုံတွင် ပျံလွန်တော်မူ
DVB
·
July 5, 2012
သက်တော် ၉၂ နှစ်ရှိပြီဖြစ်တဲ့ ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဓမ္မာနန္ဒဟာ ဒီနေ့ မနက် ၅ နာရီ ၅၀ မှာ ၉၆ ပါး ရောဂါနဲ့ ထိုင်းနိုင်ငံ လန်းပန်ဆေးရုံမှာ ပျံလွန်တော်မူခဲ့ပါတယ်။
[caption id="attachment_27522" align="alignleft" width="300" caption="ဆရာတော် ဘဒ္ဒန္တဓမ္မာနန"][/caption]
ထိုင်းနိုင်ငံမှာ လူသိများထင်ရှားတဲ့ ဆရာတော်ဟာ ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်မြို့ကနေ ကီလိုမီတာ ၁၀၀ လောက် အကွာအဝေးမှာရှိတဲ့ လန်းပန်မြို့က ဝပ်ထမအိုး သံဃာစာသင်တိုက်မှာ သီတင်းသုံးနေပြီး ပရိယတ္တိ စာပေတွေ သင်ကြားပေးနေတာပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၅ နှစ်ကျော်ကတည်းက ထိုင်းအစိုးရက ဝိနည်းကျွမ်းကျင်တဲ့ ဆရာတော်တပါးကို ထိုင်းနိုင်ငံမှာ လာရောက်သီတင်းသုံးဖို့ ဦးနုအစိုးရကို ဖိတ်ကြားချက်အရ ဆရာတော်ဟာ လာရောက်သီတင်းသုံးနေတာ ဖြစ်ပါတယ်။
ဆရာတော်ဟာ ထိုင်းနိုင်ငံက ဆက်ကပ် ချီးမြှင့်တဲ့ ဒေါက်တာဘွဲ့ရတဲ့ ပထမဆုံး မြန်မာသံဃာတော်တပါးလည်း ဖြစ်ပါတယ်။
မြန်မာအစိုးရကလည်း ဆရာတော်ကို ၁၉၉၁ ခုနှစ်မှာ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တော် ချီးမြှင့်ခဲ့ပါတယ်။ ဆရာတော်ဟာ မကွေးတိုင်း ရေစကြိုမြို့နယ် သာစည်ကျေးရွာ ဇာတိ ဖြစ်ပါတယ်။
ဆရာတော်ရဲ့ ရုပ်ကလာပ်ကို ဝပ်ထမအိုးကျောင်းမှာ ထားရှိမှာ ဖြစ်ပါတယ်။ ဒီနေ့ကစလို့ ၇ ရက်ဆက်တိုက် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ကာ ၁ နှစ်လောက်ကြာမှ မီးသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။