အနာဂတ်ဖက်ဒရယ်အရေး သုတေသနစာတမ်းစာအုပ် မိတ်ဆက်ပွဲကျင်းပ
DVB
·
June 14, 2018
ဘဏ္ဍာရေးဖက်ဒရယ်စနစ်၊ အနာဂတ်ဖက်ဒရယ်၊ ဒီမိုကရေစီပြည်ထောင်စု မြန်မာနိုင်ငံအတွက် စဉ်းစားချက်များလို့ အမည်ပေးထားတဲ့ သုတေသနစာတမ်းစာအုပ် မိတ်ဆက်ပွဲကို ဒီကနေ့ ရန်ကုန်မြို့ Green Hil ဟိုတယ်မှာ တိုင်းရင်းသားလူမျိုးရေးရာစင်တာ (ENAC) ကနေ စီစဉ်ကျင်းပပါတယ်။
ဒီသုတေသနစာတမ်းစာအုပ်မှာ ဖက်ဒရယ်စနစ်ရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ ဘဏ္ဍာရေးဖက်ဒရယ်စနစ်ကို အထူးလေ့လာတင်ပြထားတဲ့ စာအုပ်ဖြစ်တယ်လို့ တိုင်းရင်းသားလူမျိုးရေးရာစင်တာ (ENAC) က အမှုဆောင်ဒါရိုက်တာ ဇိုသုန်းမှုန်က ပြောပါတယ်။
ဒီစာတမ်းဟာ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်စနစ် ပေါ်ထွန်းလာရေး ဖော်ဆောင်ရာမှာ အထောက်အကူ ပြုနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ပြောပါတယ်။
ဒါကြောင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေးတို့မှာ ပါဝင်ဆွေးနွေးကြမယ့် အစုအဖွဲ့တွေ အတွက်လည်း အသုံးဝင်မယ့် စာတမ်းတစောင်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။
ဒ့ါအပြင် အစိုးရအဖွဲ့တွေ၊ ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော်တွေနဲ့ ပြည်ထောင်စု လွှတ်တော်၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအတွက် အားထားရမယ့် အရင်းအမြစ်တခု ဖြစ်လာနိုင်တယ်လို့လည်း တိုင်းရင်းသားလူမျိုးရေးရာစင်တာ (ENAC) က အမှုဆောင်ဒါရိုက်တာ ဇိုသုန်းမှုန်က ပြောပါတယ်။
ဒီအခမ်းအနားမှာ ၂၀၁၆ ခုနှစ်က စတင်ထုတ်ဝေခဲ့တဲ့ "အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံသင့်သော ကဏ္ဍအလိုက်မူဝါဒအကြံ ပြုချက်များ (မူကြမ်းများ) " ဆိုတဲ့ တတိယအကြိမ် စာအုပ်ကိုလည်း ENAC က ထပ်မံမိတ်ဆက် ခဲ့ပါတယ်။
တိုင်းရင်းသားလူမျိုးရေးရာစင်တာ (ENAC)ကို ၂၀၁၃ ခုနှစ် ဇူလိုင်လက စတင်တည် ထောင်ခဲ့ပြီး နိုင်ငံရေးအစုအဖွဲ့တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအသိုင်းအဝန်းတွေနဲ့ ပူးပေါင်းပြီး ဆွေးနွေးပွဲတွေနဲ့သင်တန်းတွေ ပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။