မြို့နယ်ပညာရေးမှူးရုံးများ၏ ပုံရိပ်ကျဆင်းရခြင်း နောက်ကွယ်
DVB
·
June 14, 2018
မြို့နယ်တခု၏ ပညာရေးလုပ်ငန်း တိုးတက်မှု၊ ဆုတ်ယုတ်မှုသည် ယင်းမြို့နယ်ရှိ ပညာရေးမှူးရုံးများ၏ လုပ်ကိုင်ဆောင်ရွက်မှုအပေါ် မူတည်ပါတယ်။
ပြီးတော့ အဆိုးအကောင်း အတက်အကျကို ဖြစ်ပေါ်စေပါတယ်။ အိမ်တအိမ်မှာ အိမ်ထောင်ဦးစီး၏ အခန်းကဏ္ဍဟာ အရေးကြီးသလို မြို့နယ်တခုရဲ့ ပညာရေးကို ကြပ်မတ်ဆောင်ရွက်ရတဲ့ မြို့နယ်ပညာရေးမှူးရုံးများရဲ့ အခန်းကဏ္ဍဟာလည်း ပညာရေးဖြစ်စဉ်မှာ ချန်လှပ်ထားလို့ မရအောင် အရေးကြီးပါတယ်။ မြို့နယ်တခုရဲ့ ပညာရေး အတက်အကျကို အခြေခံပညာကျောင်းတွေရဲ့ အောင်ချက်ရာနှုန်းကို အခြေခံပြီး တိုင်းတာလေ့ရှိပါတယ်။ ဒီအချက်ဟာ မှန်သင့်သလောက် မှန်ပါတယ်။ သို့သော် မြို့နယ်တခုလုံးရဲ့ ပညာရေး အတက်အကျဟူသည် အခြေခံပညာကျောင်းတွေ အပေါ်မှာသာ တည်မှီနေသည် မဟုတ်ဘဲ ပညာရေးဖြစ်စဉ်တခုလုံးမှာ ပါဝင်လှုပ်ရှားကြရသည့် မြို့နယ်ပညာရေးမှူးများ၊ ထက် လယ် မူ ကျောင်းအုပ်ကြီးများ၊ ဒုတိယမြို့နယ်ပညာရေးမှူးများ၊ လက်ထောက်မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေကြသည့် ဆရာ၊ ဆရာမများ၊ မြို့နယ်ပညာရေးမှူးရုံးမှ စာရေးများ၊ ထက် လယ် မူ ကျောင်းမှ စာရေးများ အစရှိသည်ဖြင့် မြို့နယ်တွင်းရှိ ပညာရေးဝန်ထမ်းများ အားလုံးနှင့် ကျောင်းသားမိဘများ၊ ကျောင်းသား ကျောင်းသူများ အားလုံးမှာ တာဝန်အသီးသီး ရှိကြပါတယ်။
သို့ရာတွင် မြို့နယ်ရဲ့ ပညာရေးလုပ်ငန်းစဉ်အားလုံးကို စီမံကြီးကြပ်အုပ်ချုပ်ရတဲ့ မြို့နယ်ပညာရေးမှူးရုံးဟာ မိမိမြို့နယ်တွင်းရှိ ပညာရေးဖြစ်စဉ်မှာ ပါဝင်မည့်သူများ အားလုံးကို ကြီးကြပ်လမ်းညွှန်မှု ပေးရတာကြောင့် အဆိုပါမြို့နယ်ရဲ့ ပညာရေး အဆိုးအကောင်း အတက်အကျဟာ မြို့နယ်ပညာရေးမှူးရုံးနှင့် တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ဒါ့ကြောင့် မြို့နယ်ပညာရေးမှူးရဲ့ စီမံခန့်ခွဲမှုဟာ ယင်းမြို့နယ်ရဲ့ ပညာရေးအတွက် အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။
မြို့နယ်ပညာရေးမှူးဟာ မိမိရုံးရှိ ပညာရေးဝန်ထမ်းတွေကို စီမံခန့်ခွဲရာမှာ တိကျ ခိုင်မာ ပြတ်သားတဲ့ စီမံမှုရှိဖို့ လိုအပ်ပါတယ်။ မြို့နယ်ပညာရေးမှူးရုံး ဝန်ထမ်းအားလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်နိုင်မှသာ မိမိမြို့နယ်ရဲ့ ပညာရေးဟာလည်း တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
ယခုအခါ မြို့နယ်ပညာရေးမှူးရုံးအချို့ရဲ့ ပုံရိပ်ဟာ ပညာရေးဝန်ထမ်းတွေကြားမှာ သာမက အခြားဌာနဆိုင်ရာများ ကြားတွင်လည်း ကျဆင်းလျက်ရှိသည်။ မြို့နယ်ပညာရေးမှူးရုံးဟု ဆိုလိုက်လျှင် ပညာရေးဝန်ထမ်းများက အမြင်မရှင်းကြပေ။ ဘာကြောင့် အမြင်မရှင်းရသလဲဟုဆိုလျှင် လာဘ်စားမှု၊ လစာငွေ ဖြတ်တောက်ခံရမှု၊ ဌာနမှ ချပေးသည့်ငွေများ အပြည့်အဝ မရရှိမှု၊ မြို့နယ်ပညာရေးမှူးရုံး ဝန်ထမ်းများ စကားပြော မောက်မာမှု၊ လုပ်ပိုင်ခွင့်ရှိသူတစု၏ ဗိုလ်ကျစိုးမိုးမှု၊ ကတိပျက်မှု အစရှိသည်ဖြင့် အမှုပေါင်းစုံသည် မြို့နယ်ပညာရေးမှူးရုံးများရဲ့ ပုံရိပ်ကို ကျဆင်းပြီး ပညာရေးဝန်ထမ်းတွေကြားမှာ အမြင်မကြည်တာတွေ ဖြစ်လာရပါတယ်။
အရင်းစစ်လျှင် အမြစ်မြေက ဆိုသလို ဒီကိစ္စတွေအားလုံးဟာ မြို့နယ်ပညာရေးမှူး၏ စီမံအုပ်ချုပ်မှုအောက်မှာ ဖြစ်နေသည့်အတွက် မြို့နယ်ပညာရေးမှူးသည် အဓိကတာဝန်ရှိသူ ဖြစ်ပါ၏။
မြို့နယ်ပညာရေးမှူးအချို့ရဲ့ မိမိရာထူးနေရာနှင့် တာဝန်ကို မကျွမ်းကျင်ခြင်း တနည်းပြောရလျှင် လုပ်ငန်းမကျွမ်းကျင်ခြင်းဟာ စီမံအုပ်ချုပ်မှုကို များစွာ ထိခိုက်စေတဲ့အတွက် ရုံးကို မထိန်းနိုင်ခြင်း (သို့မဟုတ်) ပညာရေးလုပ်ငန်းများကို ခုတုံးလုပ်လျက် မိမိအကျိုးစီးပွားကိုသာ ကြည့်ခြင်း စတာတွေကြောင့် ရုံးရဲ့ပုံရိပ် ကျဆင်းစေတဲ့ အချက်တွေကို မထိန်းနိုင်ခြင်း ဖြစ်ပါတယ်။ လုပ်ငန်းမကျွမ်းကျင်ဟု ဆိုရာ၌ မြို့နယ်ပညာရေးမှူးတဦးဟာ အထက်တန်းကျောင်းအုပ်ဘဝမှ မြို့နယ်မှူးအဖြစ် ရာထူးတိုးလာသူ ဖြစ်ပါက ကျောင်းလုပ်ငန်းနှင့် ရုံးလုပ်ငန်းတို့ရဲ့ ကွဲပြားမှုကို နားမလည်တဲ့အတွက် ရုံးမှာ နှစ်ပေါင်းများစွာ ကျင်လည်နေကြတဲ့ စာရေးတွေရဲ့ ခြယ်လှယ်မှုကို ခံရခြင်းဖြစ်ပါတယ်။
မြို့နယ်ပညာရေးမှူးရုံးများရှိ စာရေးအများစုဟာ ရုံးမှာ အထိုင်ကျနေသူများ ဖြစ်ကြပါတယ်။ မည်သည့်စာရင်းဇယားမဆို ဘယ်အနားမှာထားတယ်၊ ဘယ်ဗီရိုမှာ ရှာလို့ရနိုင်တယ် ဆိုတာတွေကို စာရေးတွေပဲ သိကြပါတယ်။ မြို့နယ်ပညာရေးမှူး ဆိုသူဟာ ဆိုင်ရောင်းလေ့ရောင်းထမရှိတဲ့ ဆိုင်ရှင်နဲ့ တူပါတယ်။ ဘယ်ပစ္စည်း ဘယ်နားရှိမှန်းမသိ၊ ဘယ်ပစ္စည်း ဘယ်ဈေးမှန်းမသိနဲ့ ဟိုလူ့မေးရ ဒီလူ့မေးရနဲ့ လုပ်ရကိုင်ရ အဆင်မပြေဖြစ်တတ်တဲ့ သဘောမျိုး ဖြစ်ပါတယ်။
ဒီလိုနဲ့ ရုံးထိုင်စာရေးတွေရဲ့ လက်အောက်ကို ကျရောက်သွားပါတယ်။ စာရေးတွေကလည်း ငါမပါရင် မပြီးဘူးဆိုတဲ့ အချိုးနဲ့ မြို့နယ်မှူးကို ကူညီရမယ့်အစား ရုံးဂုဏ်မောက်ကြတဲ့အခါ မြို့နယ်ပညာရေးမှူးဟာ အထက်က ညွှန်ကြားချက်တွေကို အချိန်မီ ဆောင်ရွက်နိုင်ဖို့နဲ့ အထုမခံရဖို့အတွက် စာရေးတွေကို မျက်နှာချိုသွေးရတဲ့အဖြစ်ကို ရောက်ရပါတော့တယ်။ မျက်နှာချိုသွေးရင်း လုပ်ငန်းအချိန်မီ ပြီးစီးရေးအတွက် စာရေးဆီမှာ တပည့်ခံရတဲ့ အခြေအနေကို ရောက်သွားပါတယ်။ မြို့နယ်ရဲ့ ပညာရေးအကြီးအကဲ ဖြစ်သူက ရုံးထိုင်စာရေးတွေရဲ့ ခြယ်လှယ်ခြင်းခံရတဲ့ အဓိကအကြောင်းတရားဟာ ယင်းပုဂ္ဂိုလ်ရဲ့ လုပ်ငန်းကျွမ်းကျင်မှု၊ စီမံခန့်ခွဲမှု အရည်အသွေး ညံ့ဖျင်းခြင်းအပေါ်မှာ မူတည်နေပါတယ်။
လုပ်သက်ကြီးလို့ မြို့နယ်ပညာရေးမှူး ဖြစ်လာသူတွေဟာ သက်ပြည့်ပင်စင်ယူဖို့ နီးလာတာနဲ့အမျှ ငွေမျက်နှာတခုတည်းအပေါ်မှာ အာရုံထားပြီး မိမိပုံရိပ် ကျဆင်းမည့်အရေး၊ မြို့နယ်ရဲ့ ပညာရေး ကျဆင်းမှုအရေးတို့အပေါ်မှာ အလေးမထားတဲ့ အဖြစ်တွေလည်း မြင်လာရပါတယ်။ ငွေမျက်နှာတခုကိုသာ ကြည့်လာတဲ့အတွက် ဌာနက ချပေးတဲ့ငွေတွေကို စာရေးတွေနဲ့ပေါင်းပြီး ပုံစံအမျိုးမျိုးနဲ့ မိမိအိတ်ထဲ ထည့်နိုင်ဖို့ကိုသာ အာရုံစိုက်လာပါတယ်။ စာရေးဆိုသူတွေကလည်း နည်းမျိုးစုံကိုသုံးပြီး မြို့နယ်ပညာရေးမှူးကို ငွေစားပေါက်တွေ ဖန်တီးပေးရင်း စာရေးတွေနဲ့ မြို့နယ်ပညာရေးမှူးတွေဟာ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရင်း တဖက်တည်း ဖြစ်သွားပါတော့တယ်။ ဌာနကဖြန့်ဝေတဲ့ ကျောင်းသုံးစာအုပ်ကအစ ကျောင်းအဆင့်တိုးကိစ္စ၊ ကျောင်းအဆောက်အဦကိစ္စ၊ ကျောင်းအိမ်သာ၊ ကျောင်းဝင်လမ်း၊ ရုံးလုပ်ငန်းသဘောအရ ခွဲထားသည့် ဌာနစိတ်အားလုံးနှင့် သက်ဆိုင်သည့် ငွေကြေးသုံးစွဲမှုကို စာရေးကြီးဆိုသူနှင့်ညှိ၍ ချုပ်ကိုင်ထားကြသည့်အခါ တရုံးတည်းသားချင်း မသင့်မတင့် ဖြစ်လာခြင်းဖြင့် ရုံးတွင်းစည်းလုံးမှုကို မတည်ဆောက်နိုင်သည့်အခါ မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများသည် မြေစာပင် ဖြစ်ကြရပါတယ်။
နိုင်ငံဝန်ထမ်းချင်း တူပါလျက် အခွင့်ထူးခံ လူတန်းစားများ မွေးဖွားလာခြင်းသည်လည်း ငွေကြိုက်သော ဝန်ထမ်းအချို့ကြောင့်ပဲ ဖြစ်ပါတယ်။ မြို့နယ်တခု၏ ပညာရေးကို ဦးဆောင်စီမံနေရသည့် မြို့နယ်ပညာရေးမှူးရုံးများ၏ ပုံရိပ်ဟာ ဒီလိုနဲ့ ကျဆင်းလာပါတယ်။ ရုံးတွင်းစည်းလုံးညီညွတ်မှုကိုပင် မတည်ဆောက်နိုင်တဲ့ မြို့နယ်ပညာရေးမှူးများ လက်အောက်မှာ မြို့နယ်တခုလုံး၏ ပညာရေးဟာ အကျဘက်သို့ ဦးတည်သွားပါတော့တယ်။
စာရေးတွေဟာ မြို့နယ်ပညာရေးမှူးကို စားပေါက်တွေ ဖန်တီးပေးလိုက်တဲ့အခါ မြို့နယ်ပညာရေးမှူးတွေနဲ့ စာရေးတွေဟာ အကျိုးတူပူးပေါင်းပြီး တဖက်တည်း ဖြစ်သွားပါတော့တယ်။ အဲဒီကစပြီး မြို့နယ်မှာရှိတဲ့ ပညာရေးဝန်ထမ်းတွေကို ဖိနှိပ်မှုတွေ စလာပါတော့တယ်။ စာရေးတွေကလည်း ရုံးကိစ္စနဲ့ လာကြတဲ့ ဆရာ၊ ဆရာမတွေကို ဟောက်စားလုပ်ပါတော့တယ်။
အကျယ်အကျယ် ပြန်မပြောချင်ကြတဲ့ ဆရာ၊ ဆရာမတွေဟာ အောင့်သက်သက်နဲ့ပဲ ငြိမ်ခံကြရပါတယ်။
ပြန်ပြောတဲ့ ဆရာ၊ ဆရာမတွေအပေါ် အတေးအမှတ်ထားပြီး လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စတွေမှာ အမှားတခုဖြစ်တာနဲ့ ဝိုင်းထောင်းလိုက်မယ်ဆိုပြီး မျက်နှာပေးနဲ့ စောင့်ကြည့်နေတတ်ပါတယ်။ နိုင်ငံတော်က အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော်တယ်။ မြို့နယ်ရုံးတွေက ကျောင်းလုပ်ငန်းသုံးပစ္စည်း ဖြန့်ဝေဖို့ တာဝန်ယူထားတဲ့ ဆရာတွေက ပစ္စည်းတွေ ဖြန့်ဝေရာမှာ စရိတ်တောင်းတယ်။ ဒီပစ္စည်းတွေက မြို့နယ်ကိုရောက်ဖို့ ဘယ်လောက်ကုန်ထားတယ်၊ မထုတ်ချင်နေဆိုပြီး ပါဝါပြတယ်။
တကယ်ဆို ကျောင်းသုံးပုံနှိပ်စာအုပ်ပဲဖြစ်ဖြစ်၊ တခြား ထောက်ပံ့ပေးတဲ့ ဘယ်ပစ္စည်းမဆို သယ်ယူစရိတ်ကို ဌာနကို တင်တောင်းလို့ ရပါတယ်။ အစိုးရဌာနဆိုင်ရာ အလုပ်သဘောအရ ငွေဟာ ကြန့်ကြာနေတတ်တာကလွဲရင် မိမိတို့ ပစ္စည်းသယ်ယူလို့ ကုန်ကျထားတဲ့ စရိတ်အမှန်ကိုတော့ ပြန်ရတာပါပဲ။ ဒါပေမယ့် အောက်ခြေမှာ ဒီလိုတွေ ဖြစ်နေတာကို ဘယ်ကျောင်းဆရာ၊ ဆရာမကမှ စောဒကတက်တာမျိုး မရှိပါဘူး။ ပြေလည်ရာပြေလည်ကြောင်း ပေးစရာရှိတာ ပေးလိုက်ကြတာပါပဲ။
ဆရာ၊ ဆရာမတွေဘက်က ဒီကိစ္စတွေ မပြောကြတာက ပုဂ္ဂိုလ်ရေး အဆင်မပြေမှုတွေ ဖြစ်လာမှာ မလိုလားတာတွေလည်း ပါပါတယ်။ တချို့ ဆရာ၊ ဆရာမတွေကလည်း ကိုယ်တိုင်က မမှန်ကန်နိုင်တဲ့အတွက် ရုံးကလုပ်သမျှ ငြိမ်ခံနေတာတွေလည်း ရှိပါတယ်။
ဒါတွေဟာ မြို့နယ်ရုံးတွေက ဆရာ၊ ဆရာမတွေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးရှာနေတာ ဖြစ်ပါတယ်။ တကယ်ဆို မိမိလက်အောက်က ဝန်ထမ်းတွေ တာဝန်ကျေပွန်ဖို့၊ စာရိတ္တကောင်းဖို့ မြို့နယ်ရုံးတွေဟာ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သင့်ပါတယ်။ ဒါပေမယ့် ရုံးလို့ ဆိုလိုက်တာနဲ့ နှာခေါင်းရှုံ့ချင်စရာ ကောင်းနေတဲ့ ယဉ်ကျေးမှုမျိုးနဲ့ ကျနော်တို့ ရှေ့ဆက်နေကြမယ်ဆိုရင် တကယ်တမ်း နစ်နာကြရမယ့် သူတွေဟာ မျိုးဆက်သစ် လူငယ်လေးတွေသာ ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံကို တည်ဆောက်ဖို့ အရည်အသွေး ပြည့်ဝတဲ့ နိုင်ငံသားတွေဖြစ်လာဖို့ လိုအပ်ပါတယ်။ နိုင်ငံရဲ့ အနာဂတ်ကို တည်ဆောက်ကြမယ့် လူသားအရင်းအမြစ်ကို ပြုစုပျိုးထောင်ရာဌာနမှာ ဒီလို ဆက်ဖြစ်နေမယ်ဆိုရင် ဆရာ၊ ဆရာမ ဆိုတာဟာ အနန္တဂိုဏ်းဝင်တွေ မဟုတ်တော့ဘဲ သမိုင်းတရားခံတွေသာ ဖြစ်လာပါလိမ့်မယ်။
ပညာရေးဟာ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေရုံနဲ့ ပြည့်စုံတဲ့သဘော မဟုတ်ပါဘူး။ တာဝန်သိစိတ်၊ တာဝန်ယူလိုစိတ်၊ တာဝန်ခံလိုစိတ်ကို အရင်းတည်ပြီး စေတနာထား ဆောင်ရွက်မှသာ ပညာရေးရဲ့အဓိပ္ပာယ်ဟာလည်း ပြည့်စုံမှာဖြစ်ပါတယ်။
နိုင်ငံဝန်ထမ်းများဟာ လူသားများ ဖြစ်ပါတယ်။ လူဟာ လိုအပ်ချက်အများဆုံး သတ္တဝါများ ဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းဟာ လိုအပ်ချက်တွေ ရှိနေကြမှာ ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံ၏ အနာဂတ်ကို ပုံဖော်ထုဆစ်နေကြတဲ့ ပညာရေးဝန်ထမ်းတွေအနေနဲ့ မိမိတို့ရဲ့လိုအင်ကို ဖြည့်ဆည်းရင်း တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များအပေါ် လျစ်လျူရှုခဲ့ခြင်းဟာ တိုင်းပြည်ကို လျစ်လျူရှုရာ ရောက်ပါတယ်။
ပညာရေးဖြင့် ခေတ်မီနိုင်ငံတော်ကြီး တည်ဆောက်နိုင်ရန်အတွက် ပညာရေးဝန်ထမ်းများရဲ့ တာဝန်သိမှု၊ တာဝန်ကျေပွန်မှု၊ တာဝန်ယူမှုဟာ အရေးကြီးပါတယ်။ ဒါ့ကြောင့် မြိုနယ်ပညာရေရေးမှူးရုံးတွေဟာ အခြေခံပညာကျောင်းများမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ၊ ဆရာမများ၏ ယုံကြည်အားထားရတဲ့ မြို့နယ်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးရုံးများ နည်းပါးနေသည်နှင့်အမျှ ပညာရေးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပညာရေး မျှော်မှန်းချက်များဟာ ကိန်းဂဏန်းတန်ဖိုးအရ မြင့်တက်နေနိုင်သော်လည်း အရည်အသွေးပြည့်ဝတဲ့၊ အစဉ်လေ့လာသင်ယူနေတဲ့ လူ့ဘောင်အဖွဲ့အစည်း ဖြစ်နိုင်ရန်မှာကား ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမည်သာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
ပန်းသီကြိုး (ရသေ့တောင်)