ရန်ကုန်-ဒလကူး စက်သမ္ဗန် တိမ်းမှောက်၊ လူ ၄ ဦး ပျောက်ဆုံးနေ
ပြည့်ဘုန်းအောင်
·
June 14, 2018
ရန်ကုန် စဥ့်အိုးတန်းဆိပ်ကမ်းကနေ ဒလမြို့နယ် ကမာကသွယ်ဆိပ်ကမ်းကို ပြေးဆွဲတဲ့ သမ္ဗန်တစီးဟာ ဇွန်လ ၁၃ ရက်၊ ည ၈ နာရီကျော်က တိမ်းမှောက်ခဲ့ပြီး ခရီးသည် ၄ ဦး ပျောက်ဆုံးနေတယ်လို့ ဆိပ်ကမ်းမြို့မ ရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါ စက်သမ္ဗန်ဟာ ရန်ကုန်ဘက်ကမ်းကနေ ဒလဘက်ကမ်းကို ဖြတ်သန်းမောင်းနှင်စဉ် ဒလဘက်ကမ်းအရောက်မှာ စက်ရပ်သွားခဲ့ပြီး ရေစီးနဲ့မျောပါကာ တွဲသင်္ဘောကို ဝင်တိုက် နစ်မြုပ်ခဲ့တာလို့ ရဲစခန်းက ပြောပါတယ်။
သမ္ဗန်ပေါ်မှာ ပါလာတဲ့ ခရီးသည် ၁၂ ဦးအနက် ၈ ဦးကို ပြန်လည်ဆယ်ယူရရှိခဲ့တယ်လို့ ဆိပ်ကမ်းမြို့မရဲစခန်း တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။
“၁၂ ဦးပါတဲ့အထဲမှာ လက်ရှိ ၄ ဦးကတော့ ပျောက်ဆုံးနေတယ်။ ကျန်တဲ့ ၈ ဦးကိုတော့ ရန်ကုန်ဆေးရုံကြီးကို တင်ပို့ထားတယ်။ အခြေအနေက မစိုးရိမ်ရပါဘူး။ စက်လှေမောင်းတဲ့ သူကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ တိမ်းရှောင်ပြီး ရေကူးသွားတယ်လို့ စုံစမ်းသိရပါတယ်။ ပျောက်ဆုံးနေတဲ့သူတွေကို ရှာဖွေနေသလို စက်လှေမောင်းသူကိုလည်း ဖမ်းဆီး အရေးယူ ဆောင်ရွက်သွားမှာပါလို့ ” ဆိုပါတယ်။
ဆေးရုံမှာ လက်ရှိ ဆေးကုသမှုခံယူနေသူ ၈ ဦးဟာ အမျိုးသားတွေ ဖြစ်ကြပြီး ပျောက်ဆုံးနေတဲ့ ၄ ဦးကတော့ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦးတို့ ဖြစ်ပါတယ်။
ကမာကသွယ်ရပ်ကွက်နေ အမျိုးသမီးတဦးက “ပျောက်သွားတဲ့အထဲမှာ ကျမတို့ ရပ်ကွက်ထဲက လင်မယား နှစ်ယောက် ပါတယ်။ မိန်းခလေးက အသက် ၁၇ နှစ်လောက်ပဲ ရှိသေးတယ်။ လင်မယား နှစ်ယောက်စလုံး အလုပ်က ပြန်လာတဲ့အချိန်မှာ ဖြစ်သွားတာ”လို့ ပြောပါတယ်။
လက်ရှိမှာ သမ္ဗန်မောင်းသူကို ရေယာဉ်ပေါ့ဆစွာ မောင်းနှင်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၀/၃၇၇ နဲ့ ဆိပ်ကမ်းရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။