ကမ္ဘာ့ဖလားပွဲကို MRTV အခမဲ့ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမည်

ရုရှားနိုင်ငံမှာ ဒီကနေ့ ဇွန်လ ၁၄ ရက် စတင်ကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ပွဲစဉ်တချို့ကို မြန်မာ့ရုပ်မြင်သံကြား MRTV ကနေ တိုက်ရိုက်ပြသဖို့ ရှိနေပါတယ်။ ဖွင့်ပွဲ၊ ပိတ်ပွဲ၊ အကြိုဗိုလ်လုပွဲနဲ့ ဗိုလ်လုပွဲ အပါအဝင် စုစုပေါင်း ပွဲစဉ် ၁၆ ပွဲကို MRTV ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသမှာ ဖြစ်တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။ ရုရှားနိုင်ငံ မော်စကိုမြို့ရှိ လုဇ်နီကီ အားကစားကွင်းမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပုံတွေကို ဒီကနေ့ ည ၈ နာရီခွဲကနေ စတင်ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ အုပ်စု (က) အဖွင့်ပွဲစဉ်ဖြစ်တဲ့ အိမ်ရှင် ရုရှားနဲ့ ဆော်ဒီအာရေဗျ အသင်းတို့ရဲ့ ပွဲစဉ်ကိုတော့ ဒီကနေ့ ည ၉ နာရီခွဲမှာ ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။ အလားတူ အခမဲ့ရုပ်သံလိုင်းတွေဖြစ်တဲ့ MRTV Entertainment ရုပ်သံလိုင်းကနေ ပွဲစဉ်ပေါင်း ၂၂ ပွဲနဲ့ MNTV ရုပ်သံလိုင်းကနေ ပွဲစဉ်ပေါင်း ၂၁ ပွဲ ထုတ်လွှင့်ပြသဖို့ ရှိပါတယ်။ အခပေးရုပ်သံလိုင်းဖြစ်တဲ့ SKY NET SPORT ရုပ်သံလိုင်းကတော့ ကမ္ဘာ့ဖလားပွဲစဉ်ပေါင်း ၆၄ ပွဲစလုံးကို တိုက်ရိုက်ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ဇွန်လ ၁၄ ရက်ကနေ ဇူလိုင် ၁၅ ရက်အထိ ရုရှားနိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး နိုင်ငံကိုယ်စားပြု အသင်းပေါင်း ၃၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up