Home
ဆောင်းပါး
သတ္တုတူးဖော်ရေး လုပ်ငန်းတွေက ဒေသခံတွေအတွက် အကျိုးရှိရဲ့လား
DVB
·
June 12, 2018
မြန်မာနိုင်ငံဟာ သတ္တုတွင်းထွက် သယံဇာတ အများအပြား တည်ရှိတဲ့ နိုင်ငံတွေထဲမှာ ပါတယ်လို့ ပြောလို့ရပါတယ်။ ဝန်ကြီးဌာန အချက်အလက်တွေအရဆိုရင် တွင်းထွက်သတ္တု အမျိုးအစားပေါင်း ၄၆ မျိုးကျော် ထွက်ရှိပြီး ဒီတွင်းထွက်သတ္တုတွေထဲမှာ ရွှေ၊ ကျောက်စိမ်း၊ ပတ္တမြားတို့လို ရတနာတွင်းထွက် သယံဇာတတွေ ပါသလို ကြေးနီ၊ ခဲ၊ ကျောက်မီးသွေး စတာတွေလည်း ပါပါတယ်။ ဒီလို သတ္တုသယံဇာတထွက်တဲ့ နိုင်ငံမှာ ထုတ်လုပ်ရေးတွေလုပ်ဖို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း ဝင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန စာရင်းတွေအရ သတ္တုကဏ္ဍမှာ ဝင်ရောက်တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ လက်ရှိမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၉ ဘီလျံကျော်ရှိပြီး စုစုပေါင်းဝင်ရောက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရဲ့ ၃ ဒသမ ၈ ရာခိုင်နှုန်း ရှိပါတယ်။ မြန်မာ့သတ္တု တွင်းထွက်ပစ္စည်း တင်ပို့မှုကရတဲ့ ဝင်ငွေကတော့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် ရရှိပြီး စုစုပေါင်း ပို့ကုန်ဝင်ငွေရဲ့ ၈ ဒသမ ၄ ရာခိုင်နှုန်းကျော် ရှိတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။ ဘီလျံချီတဲ့ ကျောက်စိမ်းထုတ်လုပ်မှု မြန်မာနိုင်ငံက တကမ္ဘာလုံးဆိုင်ရာ ကျောက်စိမ်းနဲ့ ပတ္တမြားထုတ်လုပ်မှု ဈေးကွက်မှာ ၉၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာန၊ International Trade Administration (ITA) ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ သဘာဝအရင်းအမြစ်တွေနဲ့ ဆက်စပ်ပြီး အကျင့်ပျက် ခြစားမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မဖြစ်အောင် ကာကွယ်ဖို့ သုတေသနပြုတာတွေ လုပ်ဆောင်နေတဲ့ လန်ဒန်အခြေစိုက် Global Witness အဖွဲ့ကတော့ မြန်မာ့ကျောက်စိမ်းထုတ်လုပ်မှု တန်ဖိုးဟာ ၂၀၁၄ ခုနှစ် တနှစ်တည်းမှာတင် အမေရိကန်ဒေါ်လာ ၃၁ ဘီလျံလောက် ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီပမာဏဟာ အဲဒီနှစ်က မြန်မာ့ဂျီဒီပီ (ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး) ရဲ့ ၄၈ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါတွေဟာ တရားမဝင် တင်ပို့မှုတွေကနေ ထွက်ရှိနေတာတွေပါ။ မြန်မာ့ကျောက်စိမ်း ထွက်ရှိရာ ကချင်ပြည်နယ်ဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မအေးချမ်းသေးတဲ့ ဒေသတခု ဖြစ်နေသလို အကျိုးအမြတ်ခွဲဝေမှုတွေ ရှုပ်ထွေးနေတဲ့ နေရာတခုပါ။ တရားဝင် တင်ပို့မှုက ရတာကို ကြည့်မယ်ဆိုရင်တော့ မြန်မာ့သတ္တု တွင်းထွက်ပစ္စည်းအားလုံး တင်ပို့မှု ဝင်ငွေတောင်  အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်ကျော်ပဲ ရှိတာကို တွေ့ရပါတယ်။ ပဋိပက္ခများနဲ့ သတ္တုမိုင်းများ သတ္တုတူးဖော်ရေး လုပ်ကွက်တွေမှာ တူးဖော်ရေးလုပ်တဲ့ ကုမ္ပဏီတွေနဲ့  ဒေသခံတွေကြား အဆင်မပြေမှုတွေ ရှိကြပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို အဆင်မပြေဖြစ်ခဲ့တဲ့ စီမံကိန်းတွေထဲမှာ စစ်ကိုင်းတိုင်း မုံရွာမြို့ တဖက်ကမ်းက လက်ပံတောင်းတောင် ကြေးနီသတ္တုတူးဖော်ရေးစီမံကိန်း၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ထဲက ဟိန္ဒားသတ္တုမိုင်း၊ ရမည်းသင်းမြို့နယ်ထဲက မိုးထိမိုးမိ ရွှေတူးဖော်ရေးလုပ်ကွက် စတဲ့ စီမံကိန်းတွေဟာ မီဒီယာ စာမျက်နှာတွေမှာ နာမည်ထွက်ခဲ့ကြပါတယ်။ ဟိန္ဒားသတ္တုမိုင်း ဟိန္ဒားသတ္တုမိုင်းဟာ ခဲမဖြူထုတ်လုပ်နေတဲ့ အကြီးစားသတ္တုထုတ်လုပ်ရေး လုပ်ကွက်တခုပါ။ ထိုင်းကုမ္ပဏီဖြစ်တဲ့ Myanmar Pongpipat ကုမ္ပဏီနဲ့ သတ္တုတွင်းဝန်ကြီးဌာနတို့  ထုတ်လုပ်မှုကို အချိုးကျ ခွဲဝေတဲ့စနစ်နဲ့ ၁၉၉၉ ခုနှစ်ကတည်းက ဖက်စပ်လုပ်ကိုင်နေတာပါ။ ထိုင်းကုမ္ပဏီက အကျိုးအမြတ်မှာ ၆၅ ရာခိုင်နှုန်းယူပြီး သတ္တုတွင်းဝန်ကြီးဌာနက ၃၅ ရာခိုင်နှုန်းနဲ့ မြေငှားရမ်းခကို စတုရန်းမီတာနဲ့ တွက်ပြီး နှစ်စဉ် ရပါတယ်။ ဒီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုတွေကို ဒေသခံတွေ ခံစားခဲ့ကြရပြီး ချောင်းတွေ ကောသွားတာ၊ ဥယျာဉ်ခြံမြေတွေ ပျက်စီးတာတွေ ရှိခဲ့လို့ ဆန္ဒပြ ကန့်ကွက်မှုတွေ၊ တိုင်ကြားမှုတွေ မကြာခဏ ဖြစ်နေခဲ့တာပါ။ စံပယ်တောင်၊ ကြေနီတောင် သတ္တုမိုင်း ချင်းတွင်းမြစ် အနောက်ဘက်ကမ်းမှာရှိတဲ့ စံပယ်တောင်၊ ကြေးနီတောင် သတ္တုမိုင်းက နှစ်ကြာရှည်ခဲ့တဲ့ မိုင်းပါ။ ၁၉၈၄ ခုနှစ်မှာ အစိုးရက စလုပ်ကိုင်ခဲ့ပြီး ၁၉၉၈ မှာ ရပ်ခဲ့ပါတယ်။ အဲ့ဒီနောက် ကနေဒါနိုင်ငံက အိုင်ဗင်ဟိုးကုမ္ပဏီနဲ့ သတ္တုတွင်းဝန်ကြီးဌာနတို့ ၅၀ ရာခိုင်နှုန်းစီ အကျိုးတူ ဖက်စပ်စနစ်နဲ့ ပူးပေါင်းပြီး Myanmar Ivanhoe Company အမည်နဲ့ တူးဖော်ခဲ့ကြပါတယ်။ ဒီလို ပူးပေါင်းထုတ်လုပ်မှုဟာ ၂၀၁၀ မှာ ရပ်ဆိုင်းခဲ့ပြီး ရှယ်ယာတွေကို မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီနဲ့ မြန်မာ-ယန်စီကောပါးလီမိတက် (MYTCL) ကုမ္ပဏီတို့က ဝယ်ခဲ့တာပါ။ ခုချိန်မှာတော့ ဒီကုမ္ပဏီနှစ်ခုက လုပ်ဆောင်နေပါတယ်။ မြန်မာ-ယန်စီ ကုမ္ပဏီဟာ ဝမ်ပေါင် သတ္တုတူးဖော်ရေး ကုမ္ပဏီရဲ့ လက်ခွဲကုမ္ပဏီတခုလည်း ဖြစ်ပါတယ်။ စံပယ်တောင်နဲ့ ကြေးနီတောင် စီမံကိန်းတွေဟာ ၁၉၉၇ ခုနှစ်ကနေစပြီး နှစ် ၃၀ နှစ်ရှည်မြေငှားဂရန် ရရှိထားတဲ့ စီမံကိန်းတခုပါ။ နာမည်ကျော် လက်ပံတောင်းတောင် စီမံကိန်း လက်ပံတောင်းတောင် ကြေးနီသတ္တုတူးဖော်ရေး စီမံကိန်းကတော့ ပြဿနာတွေ အများကြီး ရှိခဲ့တာပါ။ စီမံကိန်း ဆက်လုပ်သင့် မလုပ်သင့်နဲ့ ပတ်သက်လို့ ၂၀၁၂ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်နဲ့  စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး အစီရင်ခံစာပါ လုပ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့တဲ့ စီမံကိန်းပါ။ ဒီစီမံကိန်းက ၂၀၁၀ ခုနှစ်မှာ ဦးပိုင်ကုမ္ပဏီနဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီတို့က သတ္တုတွင်းဝန်ကြီးဌာနဆီ စီမံကိန်းအဆိုပြုလွှာတွေ တင်သွင်းပြီး စတင်ခဲ့တာလည်း ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ရဲ့ အစီရင်ခံစာ မထွက်ခင် မူလချုပ်ဆိုထားတဲ့ စာချုပ်အရဆိုရင် ဒီစီမံကိန်းရဲ့ အကျိုးအမြတ်အပေါ်မှာ ဦးပိုင်ကုမ္ပဏီက ၅၁ ရာခိုင်နှုန်း၊ မြန်မာဝမ်ပေါင်ကုမ္ပဏီက ၄၉ ရာခိုင်နှုန်း ရယူထားတာဖြစ်ပြီး အစိုးရက ဓာတ်သတ္တုခွန် ၄ ရာခိုင်နှုန်းနဲ့ ပုံမှန်ရရမှာဖြစ်တဲ့ ကုန်သွယ်ခွန်၊ ဝင်ငွေခွန်ကိုပဲ ရရှိမှာ ဖြစ်ပါတယ်။ အကျိုးအမြတ်ပေါ်မှာ ရာနှုန်းရရှိခြင်း မရှိပါဘူး။ ဒါပေမယ့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အဆုံးသတ်အစီရင်ခံစာပါ အကြံပြုချက်တွေအရ စာချုပ်ကို ပြန်လည်ပြင်ဆင်ချုပ်ဆိုမှုတွေ လုပ်ခဲ့ပါတယ်။ လက်ရှိ ပြန်လည်ပြင်ဆင်ချုပ်ဆိုထားတဲ့ စာချုပ်အရဆိုရင် အကျိုးအမြတ်ခွဲဝေမှုအပေါ်မှာ အစိုးရက ၅၁ ရာခိုင်နှုန်းနဲ့ ဦးပိုင်ကုမ္ပဏီနဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီတို့က ၄၉ ရာခိုင်နှုန်း ရရှိမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌတာဝန်ယူ လုပ်ဆောင်ခဲ့တဲ့ လက်ပံတောင်းတောင် စီမံကိန်း ဆက်လက်လုပ်ဆောင်သင့်မသင့် စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အဆုံးသတ် အစီရင်ခံစာ နိဂုံးချုပ်ကတော့ ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ပြီး စီမံကိန်းကို ဆက်လက်လုပ်ဆောင်စေသင့်တယ်လို့ အကြံပြုခဲ့တာပါ။ အစီရင်ခံစာက ပြောခဲ့တာက စီမံကိန်း လုပ်ဆောင်ခဲ့မှုမှာ အားနည်းချက်များစွာ တွေ့ခဲ့ရပြီး ပွင့်လင်းမြင်သာမှု အားနည်းတာ၊ ဒေသခံလူထုဟာ မြေယာသိမ်းဆည်းခြင်းနဲ့ ပတ်သက်ပြီး ထိုက်သင့်တဲ့ လျော်ကြေးငွေ မရရှိတာ၊ ထိုက်သင့်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ မရရှိခဲ့တာတွေ၊ မြေယာသိမ်းဆည်းရာမှာ သက်ဆိုင်ရာ ဝန်ထမ်းတွေက ပွင့်လင်းမြင်သာစွာ ရှင်းပြမှု မရှိခဲ့တာ၊ ဒေသခံတွေက သီးနှံလျော်ကြေး ပေးတယ်လို့သာ ထင်မြင်ယူဆခဲ့တာတွေက ဆန္ဒပြမှု ဖြစ်စဉ်တွေကို အဓိက ဖြစ်ပွားစေခဲ့တဲ့ အကြောင်းအရာတွေလို့ ဆိုထားပါတယ်။ ဒီစီမံကိန်းဟာ စာချုပ်သဘောအရ ဆိုရင်လည်း ပထမစာချုပ်မှာ နိုင်ငံတော်ကရတဲ့ ပမာဏဟာ ဓာတ်သတ္တုခွန် ၄ ရာခိုင်နှုန်းလောက်သာ ရှိတာမို့ အရမ်းနည်းခဲ့သလို မြေယာသိမ်းတာတွေမှာလည်း ကော်မရှင်က စစ်ပြီးချိန်မှာ မြေဧက ၉၀၀ ကျော် စီမံကိန်းက ပြန်နုတ်ယူရမယ်ဆိုတာ တွေ့ခဲ့ရပါတယ်။ ပွင့်လင်းမြင်သာမှုမရှိ လုပ်ကိုင်ခဲ့ခြင်းက ဒေသခံတွေအတွက် အကျိုးနည်းစေခဲ့ပါတယ်။ သစ်နေမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024