အမေရိကန်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ၂ ဦး သဘောတူညီချက်တခု လက်မှတ်ထိုး

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ သဘောတူညီချက်တခုကို နှစ်နိုင်ငံခေါင်းဆောင်တွေ လက်မှတ်ထိုးခဲ့ကြပါတယ်။ ခေါင်းဆောင်နှစ်ဦး လက်မှတ်ထိုးကြတဲ့ စာရွက်စာတမ်းမှာ ပါဝင်တဲ့ အချက်အလက်တွေကိုတော့ ပြောကြားတာမျိုး မရှိပေမယ့် “အဘက်ဘက်ကပြည့်စုံတဲ့ စာတစောင်” လို့သာ လက်မှတ်မထိုးခင် ဒေါ်နယ်ထရမ့်က ပြောကြားခဲ့တာပါ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကတော့ အခု ထိပ်သီးဆွေးနွေးပွဲဟာ သမိုင်းတွင်မယ့်ပွဲဖြစ်ပြီး အတိတ်ကအရာတွေကို ချန်ထားခဲ့ဖို့ ဆုံးဖြတ်ခဲ့ကြတယ်၊ ကမ္ဘာကြီးအနေနဲ့ ကြီးကြီးမားမား အပြောင်းအလဲတခု တွေ့ရပါလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နျူကလီးယားဖျက်သိမ်းရေး လုပ်ငန်းကိုလည်း အလွန်အလျင်အမြန်စတင်ဖို့ မျှော်လင့်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ကင်ဂျုံအန်းကို အိမ်ဖြူတော်ဆီ ဖိတ်ခေါ်လိုပါသလားဆိုတဲ့ မေးခွန်းကို “ဖိတ်ကို ဖိတ်မှာပါ” လို့ ဒေါ်နယ်ထရမ့်က ဖြေကြားခဲ့သလို ကင်ဂျုံအန်းကိုလည်း “အလွန်တော်သူ၊ တန်ဖိုးရှိသူ၊ အလွန်တော်တဲ့ ဆွေးနွေးညှိနှိုင်းတတ်သူ” ဆိုပြီး ချီးကျူးခေါ်ဆိုခဲ့ပါတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up