Home
မြန်မာသတင်း
ပဲခူးတိုင်းတွင် လေပြင်းတိုက်၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်အချို့ ပျက်စီး
DVB
·
June 12, 2018
  ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်နဲ့ ညောင်လေးပင်မြို့နယ်တွေမှာ ဇွန်လ ၁၁ ရက်က လေပြင်းတိုက်ခတ်တဲ့အတွက် ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး ခဲ့ပါတယ်။ ဇွန်လ ၁၁ ရက် နေ့လယ်နဲ့ ညပိုင်းတွေမှာ လေပြင်းတိုက်ခတ်လို့ ညောင်လေးပင်မြို့နယ် ထဲက ကွင်းဒလကြီးကျေးရွာမှာ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ လူနေ အိမ် ၅ လုံး၊ နွားတင်းကုတ် ၁ လုံး၊ မုက္ခမူကျေးရွာမှာ လူနေအိမ် ၃ လုံး၊ ပျဉ်ရေကြီးကျေးရွာမှာ လူနေအိမ် ၁ လုံး၊ ပြွန်တန်ဆာမြို့ မြို့မ ၃ ရပ်ကွက်မှာ လူနေအိမ် ၁ လုံး တို့ အမိုးလန်ကာ ပျက်စီးခဲ့ပြီး ကာလတန်ဖိုး ကျပ်သိန်း ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကာ လူနဲ့တိရိစ္ဆာန်တို့ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့ သိရပါတယ်။ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျောက်စရစ်ကုန်းကျေးရွာအုပ်စု အင်တိုင်းကုန်းကျေရွာမှာ ဇွန်လ ၁၁ ရက် မွန်လွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်လို့ အင်တိုင်းကုန်းကျေးရွာရှိ နေအိမ်အလုံး ၂၀ ကျော်မှာ အမိုးတွေ လန်ပြီး နေအိမ် ၁၀ လုံးခန့် ပြိုကျပျက်စီးခဲ့သလို သစ်ပင်တွေလဲပြိုပြီး အိမ်ထောင်စု ၃၀ ခန့် နေရေထိုင်ရေး အခက်တွေ့ နေရတယ်လို့ ကျောက်စရစ်ကုန်းအုပ်စုအုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ပြောပါတယ်။ “လေက မနက် ၁၁ နာရီခွဲလောက်က စတိုက်တာ။ နှစ်ခါပြန် တိုက်တာ။ ညနေ ၃ နာရီလောက်အထိ တိုက်သွားတယ်။ အိမ်ခြေအလုံး ၃၀ လောက်တော့ အခြေပျက်အနေပျက် ဖြစ်သွားတယ်။ အောက်ခြေခိုင်တဲ့ အိမ်တွေကတော့ သွတ်တွေ လန်ကုန်တယ်။ တချို့အိမ် တွေက ယိုင်တယ်။ တချို့ကတော့ လဲကုန်တယ်။ ပြာသွားတဲ့အိမ်တွေပါ ရှိတယ်။ နေလို့ မရတော့တဲ့ အိမ်တွေက လူတွေကိုတော့ ဘေးက မပျက်စီးတဲ့ အိမ်တွေမှာ ပေါင်းပြီး နေရာချထားပေးထားပါတယ်။ တရိစ္ဆာန်တွေကိုလည်း တခြားနေရာ ပို့ထားပေးရတယ်။ ပထမတခါတိုက်တာက ၂ နာရီလောက် ကြာတယ်။ ဒုတိယတကြိမ် ထပ်တိုက်တာမှ ပိုပြီး ပျက်စီးကုန်တာ။” ကျောက်ကြီးမြို့နယ်မှာ လေပြင်းတိုက်ခတ်တဲ့အတွက် လူနဲ့ တိရိစ္ဆာန်တွေ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်းနဲ့ ပျက်စီးသွားတဲ့ နေအိမ်မှ မိသားစုတွေကို ကျေးရွာအတွင်းရှိ ပျက်စီးမှုမရှိတဲ့ နေအိမ်တွေမှာ ယာယီနေရာချထားပေးထားတယ်လို့ သိရပါတယ်။ သတင်း - နေလင်းထိုက်၊ ကျော်အောင်(ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024