Home
မြန်မာသတင်း
ရေလှောင်တမံများ ကန်ရေပြည့်မှတ်ထက်ကျော်လွန်နေ
ပိုင်စိုး
·
June 11, 2018
ဆည်မြောင်းဌာနက ထိန်းသိမ်းထားတဲ့ ရေလှောင်တမံတွေထဲက ၁၈ ခုမှာ ကန်ရေပြည့် မှတ်ထက်ကျော်ပြီး ရေပိုလွှဲက ရေကျော်စီးထွက်နေတယ်လို့ ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူဆီက သိရပါတယ်။ ဇွန်လ ၁၁ ရက် စာရင်းအရ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ဧရာဝတီ၊ ချင်းနဲ့ ရခိုင်ပြည်နယ်တွေက ဆည်တွေမှာ ရေဝင်များနေတာလို့  ဒု ညွှန်ကြားရေးမှူး ဦးကြည်ဝေက ဒီဗွီဘီကို စာနဲ့ပေးပို့ ဖြေကြားထားပါတယ်။ ထူးထူးခြားခြားရေဝင်များတဲ့ ရေလှောင်တမံတွေကတော့ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်က ကညင်ရေလှောင်တမံ၊ မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်က မုန်းချောင်းရေလှောင်တမံနဲ့ ပွင့်ဖြူမြို့နယ်က ကြီးအုံကြီးဝ ရေလှောင်တမံတို့ ဖြစ်ပါတယ်။ ဒါပေမယ့် ရေပိုလွှဲတွေက ရေကျော်ထွက်တဲ့ တမံတွေမှာလည်း အများကြီးထွက်တာ မရှိဘူးလို့ ဆိုပါတယ်။ မိုးကြိုကာလကတည်းက ရေလှောင်တမံနဲ့ ဆက်စပ်တဲ့ အဆောက်အဦတွေရဲ့ ကြံ့ခိုင်မှုကို ၂၄ နာရီ စောင့်ကြည့်ခဲ့တယ်လို့လည်း ဖြေကြားထားပါတယ်။ ဦးကြည်ဝေက “ပြည်သူတွေကို အဓိက အသိပေးလိုတာကတော့ ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက တည်ဆောက်ထိန်းသိမ်းထားတဲ့ ရေလှောင်တမံတွေ အနေနဲ့ အပြည့်အဝ ကြံ့ခိုင်မှုရှိပြီး စိုးရိမ်စရာ မရှိပါဘူး။ ဌာနကလည်း အချိန်ပြည့် စောင့်ကြည့် နေပြီး ဌာနက တည်ဆောက်ထိန်းသိမ်းထားတဲ့ ရေလှောင်တမံ၊ ဆည်၊ ကန်တွေကျိုးပေါက် ပျက်စီးတာ မရှိပါဘူး” လို့ ပြောပါတယ်။ ပွင့်ဖြူဒေသခံ မစိုးစိုးက “ကြီးအုံကြီးဝကတော့ ရေနည်းနည်းကျော်နေတယ်။ မုန်းချောင်း တမံကတော့ ရေကို မပြည့်သေးတာ။ အခုကတော့ မိုးကတော့ ကောင်းနေတယ်လေ။ တချို့ ရွာတွေမှာ ချောင်းရေတက်ပြီး ရေမြုပ်တာတော့ ရှိတယ်” လို့ ပြောပါတယ်။ မေလ နောက်ဆုံးပတ်ကစပြီး မြန်မာနိုင်ငံအနှံ့ မိုးသည်းထန်ခဲ့တာကြောင့် ဒေသ အစီအစဉ်နဲ့ ထိန်းသိမ်းနေတဲ့ ဆည်၊ ကန်တချို့ ကျိုးပေါက်တာ ဖြစ်ခဲ့ပြီး ဌာနက ယန္တရား၊ လူ၊ စက်တွေနဲ့ ပံ့ပိုးကူညီနေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024