ခြင်္သေပုံပါ စစ်ကိုင်းတိုင်းအမှတ်တံဆိပ်ကို ပြောင်းလဲရန်အဆို ကြံ့ခိုင်ရေးအမတ်ကန့်ကွက်
Aung Ko Latt
·
June 11, 2018
စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အမှတ်အသားတံဆိပ်ပြောင်းလဲဖို့အဆိုကို တိုင်းလွှတ်ေတာ်မှာ မဆွေးနွေးဖို့ ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်က ကန့်ကွက်လိုက်ပါတယ်။
ဒီကနေ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ မုံရွာမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်က တိုင်းဒေသကြီးအမှတ်တံဆိပ်၊ အလံ၊ ရင်ထိုးတွေက ပါတီတစ်ခုနဲ့ ခပ်ဆင်ဆင်တူနေတဲ့အတွက် ပြောင်းလဲဖို့ အဆိုကို လွှတ်ေတ်ာမှာ တင်သွင်းခဲ့တာပါ။
ဒီအဆိုနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ဖောင်းပြင် မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်းက ကန့်ကွက်ခဲ့ပါတယ်။
"ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတော့မရှိပါဘူး။ ပြောရရင် ဒါက ပါတီစုံဒီမိုကရေစီမပေါ်ပေါက်ခင်က တည်းက သတ်မှတ်ခဲ့တာပါ။ စစ်ကိုင်းတိုင်းကို ဇေယျာတိုင်းလို့ခေါ်တယ်။ ဇေယျာတိုင်းရဲ့ သင်္ကေတသည် ခြင်္သေ့ဖြစ်ပါတယ်။ ဒါကြောင့် ကန့်ကွက်ခြင်းဖြစ်ပါတယ်။"လို့ ဦးခင်မောင်ထွန်း က ဒီဗွီဘီကိုပြောပါတယ်။
ဒီအဆိုကိုဆွေးနွေးဖို့ ကန့်ကွက်သူရှိလို့ လွှတ်ေတာ်က လျှို့ဝှက်ဆန္ဒမဲပေးဆုံးဖြတ်ရာမှာ မဲပေးခွင့်ရှိသူ ၈၅ ဦးအနက် ထောက်ခံသူ ၅၆ ဦး၊ ကန့်ကွက် ၂၅ ဦး၊ ကြားနေ ၂ ဦးနဲ့ ပယ်မဲ ၂ ဦးရှိခဲ့ပြီး ထောက်ခံသူများတဲ့အတွက် အဆိုကို လာမယ့် ၁၅ ကြိမ်မြောက်အစည်းအဝေးမှာ ဆွေးနွေးသွားဖို့ လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။
အဆိုရှင် ဒေါ်အမာကြည်က "အန်တီတို့က စစ်ကိုင်းတိုင်းရဲ့ အလံ၊ တံဆိပ်တွေက ပါတီတစ်ခုရဲ့ အမှတ်အသားနဲ့ ထပ်တူနီးပါးတူနေလို့ ပြည်သူတွေရဲ့ အမြင်မှာ ပါတီနဲ့ အစိုးရအဖွဲ့ကို ရောထွေးမြင်နေတယ်။ အဲဒါကို ပြည်သူက ဒီအချိန်မှာ သိလာကြတယ်။ ဒါကိုသိလာတဲ့အတွက် ပြောင်းလဲပေးဖို့ရာ တောင်းဆိုကြတဲ့အတွက် အဆိုတင်ခဲ့တာပါ။"လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီအဆိုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တဦးကလည်း ထောက်ခံဆွေးနွေးခဲ့ ပါသေးတယ်။ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ကိုယ့်ဒေသကို ကိုယ်စားပြုတဲ့ အထိမ်းအမှတ် တွေကို သုံးစွဲကြတဲ့အတွက် ပြောင်းလဲချိန်တန်တာနဲ့အညီ ပြောင်းလဲဖို့ လိုတယ်လို့လည်း ဆွေးနွေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မွန်ပြည်နယ်ကိုယ်စားပြု အလံနဲ့ပတ်သက်ပြီး မွန်ပြည်နယ်လွှတ်တော်မှာ တင်သွင်းဆွေးနွေးခဲ့ပါသေးတယ်။