Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် မြေယာအငြင်းပွားမှု တိုင်ကြားစာ ၇၀ ရာခိုင်နှုန်းအထိရှိနေ
DVB
·
June 11, 2018
မွန်ပြည်နယ်မှာ ၂၀၁၈ ဇန်န၀ါရီမှ ဇွန်လအထိ ၆ လအတွင်း တိုင်ကြားစာ ၃၀၀ ကျော်ရှိပြီး ဒီထဲမှာ မြေယာပြဿနာ တိုင်ကြားစာက ၇၀ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်တယ်လို့ မွန်ပြည်နယ် တိုင်ကြားစာ၊ အသနားခံစာနှင့် စိစစ်လေ့လာ သုံးသပ်ရေးကော်မတီထံက သိရပါတယ်။ မြေယာပြဿနာတွေဟာ မွန်ပြည်နယ် ၁၀ မြို့နယ်လုံးမှာရှိနေပြီး ကျိုက်ထို၊ ၊ရေးနဲ့ ဘီးလင်းမြို့နယ်မှာ  အများဆုံးဖြစ်ပွားနေတယ်လို့ ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောပါတယ်။ “မြို့နယ်တိုင်းမှာတော့ မြေယာပြဿနာက အများကြီးပဲ။ ပိုဆိုးတာက ရေးမြို့နယ်လို ဟာမျိုး၊ ကျိုက်ထိုမြို့နယ်မှာဆိုရင် မြေယာတန်ဖိုးကြီးတယ်၊ မြေယာတန်ဖိုးမြင့်မားတဲ့ အဲ့လိုမျိုးတွေဆိုရင် ပိုများတယ်။ ဘီးလင်းမှာဆိုလည်း သောင်နုမြေမှာ ပေါ်ထွန်းတဲ့နေရာမှာတွေလည်း မြေယာကိစ္စအငြင်းပွားမှုတွေများတယ်။” တိုင်ကြားစာတွေကို ဥပဒေနဲ့ ညီ၊မညီ ကော်မတီအစည်းအဝေးမှာ ဆုံးဖြတ် စစ်ဆေးသွားမှာဖြစ်ပြီး ဌာနအများအပြားကို တိုင်ကြားထားပြီးသား တိုင်ကြားစာတွေကိုတော့ ကော်မတီအနေနဲ့ မှတ်တမ်းအဖြစ်ထားရှိတယ်လို့ပြောပါတယ်။ “အဓိက တိုင်စာအများစုက မြေယာအကွက်ရိုက်မှုတွေပြီးတော့ အများသူငါနဲ့ သက်ဆိုင်တာမျိုးတွေ၊ တချို့တိုင်စာတွေက ပုဂ္ဂိုလ်ရေးမုန်းတီးလို့ တိုင်တာတွေလည်း အများကြီးပဲရှိတယ်။ တချို့ဆို တရားရုံးမှာ ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းနေရင်းတန်းလန်းနဲ့ ဒီဘက်ကိုစစ်ကူတောင်းတဲ့ပုံစံမျိုး တိုင်တာတွေလည်းရှိတယ်။”လို့ ဦးအောင်ကျော်သူက ပြောပါတယ်။ မွန်ပြည်နယ်က မြေယာပြဿနာအများစုဟာ တာဝန်ရှိသူတွေက မြေကွက်ရိုက်ရောင်းစားတာတွေ၊ မြေယာပိုင်ဆိုင်မှု အငြင်းပွားတာတွ၊ အစိုးရပိုင်မြေပေါ်မှာ ကျူးကျော်နေထိုင်ကြတာတွေနဲ့ ကျူးကျော်စိုက်ပျိုးလုပ်ကိုင်နေတာတွေဖြစ်ပြီး မြေယာပြဿနာကြောင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး ၈ ဦးအထိ တာဝန်ကနေ ရပ်စဲခံခဲ့ရ ပါတယ်။   အာကာမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024