Home
မြန်မာသတင်း
ယခုနှစ်မိုးရာသီ ရေးမြို့နယ်အတွင်း သစ်ပင်ပေါင်း ၁ သိန်းကျော် စိုက်ပျိုးမည်
DVB
·
June 10, 2018
ရေးမြို့နယ် သစ်တောဦးစီးဌာနအနေနဲ့ အခုနှစ်မိုးရာသီမှာ သစ်ပင်ပျိုးပင်တွေကို လူထုအား အခမဲ့ဖြန့်ဝေပေးခြင်းတွေအပါအ၀င် သစ်ပင်ပေါင်း ၁ သိန်းကျော် စိုက်ပျိုးသွားဖို့ ရှိနေပါတယ်။ ရေးမြို့နယ် ရေးချောင်းသစ်တောကြိုးဝိုင်းနဲ့ မာန်အောင်သစ်တောကြိုးဝိုင်းတွေအပါအ၀င် မြို့နယ်အတွင်း လုပ်ငန်းအမျိုးအစားအလိုက် စိုက်ပျိုးသွားမှာဖြစ်ပြီး အဖွဲ့အစည်းတွေ၊ စာသင်ကျောင်းတွေအပါဝင် ဒေသခံပြည်သူတွေကိုလည်း အခမဲ့ ဖြန့်ဝေပေးသွားမှာပါ။ ရေးမြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးဝင်းက “လူထုဖြန့်အနေနဲ့ ကျွန်း၊ မဟော်ဂနီ၊ ယူကလစ်၊ မန်ဂျန်ရှား၊ ခရေနဲ့ စိန်ပန်းပင်စုစုပေါင်း ၂၅၉၀၃ ပင်ကို တပ်ရင်းတပ်ဖွဲ့တွေ၊ အဖွဲ့အစည်းတွေ၊ ကျောင်းတွေနဲ့ ဒေသခံပြည်သူတွေကို အခမဲ့ဖြန့်ဝေပေးမယ်၊ ရုံးမှာ လာရောက်ပြီးတော့လဲ တောင်းခံနိုင်ပါတယ်။ သစ်ပင်စိုက်ပွဲတော်တွေလည်း လုပ်နေတယ်၊ ကားတွေနဲ့လည်း မြို့နယ်အတွင်းမှာ လူထုလက်ထဲအရောက် လိုက်လံဖြန့်ဝေပေးသွားမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ လုပ်ငန်းအမျိုးအစားအလိုက် စီးပွားရေးသစ်မာစိုက်ခင်း ဧက (၁၀၀)၊ သဘာဝတောတန်ဖိုးမြှင့် ဧက (၅၀) အပါအ၀င် ကမ်းရိုးတန်းဒေသ ဂေဟစနစ်များထိန်းသိမ်းရေးအတွက် ဒီရေတောတွေကိုလည်း စိုက်ပျိုးသွားမှာပါ။ “အံဒင်ကျေးရွာမှာ ဒီရေတောဧက ၂၀ စိုက်မယ်၊ သမဲ့၊ ဗျူးခြေထောက်၊ ဗျူးရွှေဝါအမျိုးအစားအပင်ပေါင်း ၂၄၂၀၀ နဲ့ ဒေသခံပြည်သူအစုအဖွဲ့ပိုင် ဒီရေတောက လမိုင်းမြို့ ကော့ဒွတ်၊ နှစ်ကရင်မှာ ၁၂၆ ဧကလည်း ဒီနှစ်ထဲမှာ လုပ်သွားမယ်” လို့ ဦးစီးအရာရှိ ဦးစိုးဝင်းက ပြောပါတယ်။ ရေးမြို့နယ်အတွင်း ရေးချောင်းကြိုးဝိုင်းနဲ့ မာန်အောင်ကြိုးဝိုင်းနှစ်ခု ဧကပေါင်း နှစ်သိန်းလေးသောင်းကျော်ရှိပြီး ပျိုးပင်များကို ရေးမြို့၊ အဏ္ဏ၀ါပျိုးဥယျာဉ်မှာ ပျိုးထောင်ထားပါတယ်။ ၀င်းနိုင်သက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024