Home
မြန်မာသတင်း
မြန်မာ-ချက်နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
DVB
·
June 9, 2018
မြန်မာ-ချက် ၂ နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင် အစည်းအဝေးကို ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့မှာ ကျင်းပခဲ့ပါတယ်။ ဇွန် ၄ ရက်မှ ၆ ရက်အထိ ကျင်းပတဲ့ ဒုတိယအကြိမ် မြန်မာ-ချက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင် အစည်းအဝေးကို စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နဲ့ ကိုယ်စားလှယ်တွေ၊ ချက်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးH.E. Mr. Vladimir Bartl၊ အစိုးရနဲ့ ပုဂ္ဂလိက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှု တိုးမြှင့်ရေးကိစ္စရပ်တွေ၊ စိုက်ပျိုးရေး၊ စက်မှုနှင့်နည်းပညာ၊ ဘူမိဗေဒနှင့်သတ္တု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ခရီးသွား လုပ်ငန်း၊ ဘဏ်လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ မြန်မာဒုတိယဝန်ကြီးဟာ ချက်အမျိုးသားဘဏ် ဒုတိယဥက္ကဋ္ဌ Mr. Vladimír Tomšík၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mrs. Lenka Dupá-ková တို့နဲ့လည်း တွေ့ဆုံပြီး ချက်သမ္မတနိုင်ငံနဲ့ နိုင်ငံတကာစီးပွားရေး၊ ငွေရေးကြေးရေး၊ လတ်တလောဖြစ်ပေါ်နေတဲ့ Protectionism နဲ့ Bila-teralism တို့မှ ရိုက်ခတ်လာနိုင်တဲ့ အခြေအနေတွေ၊ ငွေကြေးမူဝါဒနဲ့ ဘဏ္ဍာရေးမူဝါဒဆိုင်ရာ ဆောင်ရွက်သင့်တဲ့အခြေနေတွေကို ဆွေးနွေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ အဆိုပါ ပူးတွဲကော်မရှင်အစည်းအဝေးကို နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူ ချောမွေ့စေဖို့ရည်ရွယ်ပြီး ၂ နိုင်ငံ အလှည့်ကျ ကျင်းပနေတာပါ။ ပထမအကြိမ် အစည်းအဝေးကို မြန်မာနိုင်ငံ နေပြည်တော်မှာ ၂ဝ၁၆ ခုနှစ် အောက်တိုဘာက ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024