ထောင်ဒဏ်တသက်မှ လွတ်မြောက်ခဲ့သူ ထရမ့်နှင့် ကင်မ်ကာဒက်ရှန်ကို ကျေးဇူးတင်

ထောင်ဒဏ်တသက်တကျွန်းကနေ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့တဲ့ အသက် ၆၃ နှစ်အရွယ် အကျဉ်းသူက သမ္မတဒေါ်နယ်ထရမ့်နဲ့ ရုပ်သံတင်ဆက်သူ ကင်မ်ကာဒက်ရှန်တို့ကို   ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။ အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်က အဲလစ် မယ်ရီဂျွန်ဆင်ဟာ ဇွန်လ ၆ ရက်နေ့က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။ လွတ်ငြိမ်းချမ်းသာခွင့်ရ အဲလစ် မာရီဂျွန်ဆင်က “သမ္မတကြီး ဒေါ်နယ်ဂျွန်ထရမ့်ကို ကျေးဇူးတင်စကား ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်” လို့ ပြောခဲ့ပါတယ်။ ဆက်လက်ပြီး သူမက “ကျမရဲ့ စစ်နတ်သမီးလေး ကင်မ်ကာဒက်ရှန်ဝက်စ်ကိုလည်း ကျေးဇူးတင်စကား ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ် ကင်မ်ရေ” လို့လည်း ပြောခဲ့ပါတယ်။ နာမည်ကြီး ရုပ်သံတင်ဆက်သူ ကင်မ်ကာဒက်ရှန်ဟာ အဲလစ်ဂျွန်ဆင် လွတ်ငြိမ်းချမ်းသာခွင့် ရရေးအတွက် အိမ်ဖြူတော်ကို သွားရောက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ “ကျမက ကင်မ်ကို ကျမရဲ့ နတ်သမီးလေးလို့ အမြဲခေါ်တယ်။ နောက်တော့ သူက ဇွဲမလျှော့တဲ့ ကျမရဲ့ စစ်နတ်သမီးလေး ဖြစ်လာတယ်။ တကယ်တမ်း သူက ကျမ လွတ်မြောက်ဖို့အတွက် မနားတမ်း တိုက်ပွဲဝင်ခဲ့တာပါ။ ကျမကို တခါမှ မမြင်ဘူး မတွေ့ဘူးတဲ့ အမျိုးသမီးတယောက်က ကျမအကြောင်းကို ကြားပြီး ကျမအပေါ် ကရုဏာသက်မိတယ်။ ဒါဟာ သူနာမည်ကြီးဖို့ စတန့်ထွင်လုပ်တာ မဟုတ်ဘူး။ အိမ်ဖြူတော်ကနေ ပြန်လာတော့ သူက ကျမကိုပြောတယ်။ ဘာတွေပဲဖြစ်ဖြစ် ကျမ လွတ်မြောက်တဲ့အထိ သူဆက်လက်တိုက်ပွဲဝင်သွားမယ်တဲ့။ ကာဒက်ရှန်ဟာ အံ့ဖွယ် အမျိုးသမီးတယောက်ပါ။ မဟာအမျိုးသမီးတယောက်ပါ” လို့လည်း အဲလစ်က ကာဒက်ရှန်အကြောင်းကို ပြောသွားခဲ့ပါတယ်။ မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှု စွဲချက်တွေနဲ့ ထောင်ဒဏ် နှစ် ၂၀ ကျခံပြီးတဲ့နောက်မှာတော့ အဲလစ်ဂျွန်ဆင်ဟာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မိသားစုရှိရာဆီ ထွက်ခွာသွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up