ထိုင်းရောက်မြန်မာများ ဘဏ်ကနေ ပိုက်ဆံပြန်ပို့နိုင်ပြီ
နန်းမြနဒီ
·
July 3, 2012
ထိုင်းက ဘဏ်တခုနဲ့ မြန်မာပြည်က ဘဏ်တခုတို့ဟာ မြန်မာလုပ်သားတွေ အတွက် ရည်ရွယ်ပြီး ပထမဆုံးအကြိမ် တရားဝင် ငွေလဲလုပ်ငန်းကို စတင်လိုက်ပါတယ်။
ထိုင်းနိုင်ငံ Kasikorn (K bank)နဲ့ မြန်မာနိုင်ငံ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်တို့ ချိတ်ဆက်ဆောင်ရွက်လိုက်ကြတဲ့ ဒီအစီအစဉ်ကြောင့် ထိုင်းရောက် မြန်မာပြည်သားတွေ တရားဝင်လမ်းကြောင်းကနေ ဇူလိုင် ၂ ရက်နေ့ကစပြီး ငွေလွှဲငွေယူ လုပ်နိုင်ကြပြီ ဖြစ်ပါတယ်။
ဝန်ဆောင်မှုလုပ်ငန်းတွေကိုတော့ စတင်လက်ခံဆောင်ရွက်ပေးနေပြီလို့ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်ရဲ့ ဝန်ထမ်းတဦးက အခုလိုပြောပါတယ်။
“နိုင်ငံခြားမှာ သွားအလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေ သူတို့ မိသားစုဆီကို စိတ်ချလက်ချ ငွေလွှဲလို့ရနိုင်အောင် ကျမတို့ဘဏ်က ဆောင်ရွက်ပေးတာပါ။ အခုလောလောဆယ်တော့ မြန်မာလုပ်သားများအတွက် ဖြစ်ပါတယ်။ ငွေလွှဲမယ့် တိုင်းပြည်ပေါ်မှာ မူတည်ပြီးတော့ အဲဒီဘဏ်တွေနဲ့ ဆက်သွယ်လို့ရှိရင် လိုအပ်ချက်တွေကို သူတို့ ဖောင်တွေ ဖြည့်ခိုင်းပါလိမ့်မယ်။ ကေဘဏ်နဲ့ကတော့ ကျမတို့က ငွေလွှဲဝန်ဆောင်ခကို လျော့ပြီးတော့ စက်တင်ဘာလအထိ discount ပေးထားပါတယ်။”
ဒီလုပ်ငန်းစတင်ဖို့ မေလပိုင်းက သဘောတူစာချုပ်ခဲ့တာလို့ သူက ပြောပါတယ်။ မြန်မာပြည်က အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်ဟာ ထိုင်းနဲ့ မြန်မာငွေလွှဲခြင်း လုပ်ငန်းကို ပထမဆုံး စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒီဝန်ဆောင်မှုကြောင့် ထိုင်းရောက် မြန်မာအလုပ်သမားတွေဟာ တကြိမ်ကို ငွေလွှဲခ ဘတ်ငွေ ၁၅၀ နဲ့ ၁ ရက်ကို ဘတ်ငွေ ၉ သောင်းအထိ လွှဲနိုင်တယ်လို့ ပြောပါတယ်။ ငွေလွှဲနှုန်းကတော့ ထိုင်းဘတ်နဲ့ ဒေါ်လာငွေ လဲလှယ်နှုန်းပေါ် မူတည်ပါတယ်လို့ အဲဒီဘဏ်ဝန်ထမ်းက ဆက်ပြောပါတယ်။
ထိုင်းနိုင်ငံ ကေဘဏ်က ငွေလွှဲချင်တဲ့ မြန်မာအလုပ်သမားတွေကို သူတို့ဘ်မှာ စာရင်းလာဖွင့်ဖို့ ဖိတ်ခေါ်လိုက်ပြီး အထူးအစီအစဉ်အဖြစ် အစပထမ ၃ လမှာ ဝန်ဆောင်ခ ဘတ် ၁၀၀ ထိလျှော့ပေးမှာ ဖြစ်ပါတယ်။ ငွေသွင်းငွေထုတ်နည်း အသေးစိတ်ကို ဘဏ်စာရင်းလာဖွင့်တဲ့အခါကျရင် တာဝန်ကျဝန်ထမ်းက ရှင်းပြမှာ ဖြစ်ပါတယ်။ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှာလည်း စာရင်းဖွင့်ထားတယ်ဆိုရင် နာရီပိုင်းအတွင်း ငွေလက်ခံရမှာဖြစ်ကြောင်း ကစီကွမ်းဗဟိုဘဏ်ဝန်ထမ်းက ပြောပါတယ်။
နေ့စဉ်ငွေလွှဲနှုန်းတွေကို ငွေလဲဌာန (exchange) ကောင်တာတွေမှာ မေးမြန်း စုံစမ်းနိုင်ပြီး တခြားသိလိုတဲ့ အချက်တွေအတွက် မြန်မာပြည်မှာဆိုရင် ရတနာပုံ ဖုန်းခေါ်ဆိုရေးဌာန ၁၈၇၆ နဲ့ ထိုင်းနိုင်ငံဆိုရင် ၀၂ ၈၈၈၈၈၈၈ - ကြယ်ပွင့် နဲ့ ၅ ကို မေးမြန်းနိုင်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာအများစု အလုပ်လုပ်နေကြတဲ့ ဘန်ကောက်၊ ဆမွတ်ဆာခေါင်း၊ ဆမွတ်ပရကန်၊ ပထုန်ဌာနီ၊ ချွန်းပူရီး၊ လယောင်း၊ ဆုရတ်ဌာနီ၊ ဆုန်ခရာနဲ့ ဖူးခက် စတဲ့ မြို့နယ်ပေါင်း ၁၁ မြို့နယ်က အေတီအမ်စက်အလုံးပေါင်း ၁၈၀၀ မှာ မြန်မာဘာသာကိုလည်း ထည့်သွင်းပေးထားတာကြောင့် အေတီအမ် ကဒ်ကနေပြီးတော့လည်း ငွေလွှဲနိုင်တယ်လို့ ကစီကွမ်းဘဏ်ဝန်ထမ်းက ပြောပါတယ်။
မကြာခင်မှာ ကမ္ဘောဇဘဏ်ကလည်း ထိုင်းနိုင်ငံက Siam commercial Bank (ထိုင်းဖားနစ်)ဘဏ်နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ နှစ်ဖက်ဘဏ် သဘောတူစာချုပ်ကို ဇွန် ၂၈ ရက်နေ့က ထိုင်းနိုင်ငံမှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဇူလိုင် ၃ ရက်ထုတ် နိုင်ငံပိုင်သတင်းစာက ဆိုပါတယ်။