Live
Home
မြန်မာသတင်း
ရမ်းဗြဲလွှတ်တော်အမတ် ရဲစခန်းတွင် သွားရောက် အဖမ်းခံမည်
DVB
·
June 7, 2018
ပညာရေးဌာနကို ဝေဖန်မှုနဲ့ စစ်တွေအမှတ် ၁ ရဲစခန်းမှာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့အမှုဖွင့်ခံထားရတဲ့ ရခိုင်ပြည်နယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက မနက်ဖြန်ရဲ စခန်းမှာ သွားရောက်အဖမ်းခံမယ်လို့  သတင်းထောက်တွေကို ပြောပါတယ်။ အရင်က လွှတ်တော်အစည်းအဝေး ကျင်းပနေတာကြောင့် ဖမ်းဆီးစစ်ဆေးဖို့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်ဦးသန်းမောင်ဦးကို ဖမ်းဆီးခွင့် မပြုခဲ့ပါဘူး။ အမှုဖွင့်ခံထားရတဲ့ ရမ်းဗြဲမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက မနက်ဖြန်မှာ စစ်တွေအမှတ် ၁ ရဲစခန်းကို သွားရောက်အဖမ်းမယ်လို့ ဒီကနေ့ လွှတ်တော်အစည်းအဝေးအပြီး သတင်းထောက်တွေကို ပြောပါတယ်။ “လွှတ်တော်ဥက္ကဋ္ဌ ခွင့်ပြုရင် သွားပြီးတော့ ရဲစခန်းမှာ အဖမ်းခံမယ်။ သူတို့ကိုယ်တိုင် ဒီကို လာဖို့မလိုဘူး။ လွှတ်တော်ကို ဥက္ကဋ္ဌက အကြောင်းကြားပါလိမ့်မယ်။ လွှတ်တော်ဥက္ကဋ္ဌကတော့ ဒီနေ့တော့ ခွင့်ပြုထားလား မထားဘူးလားတော့ မပြောသေးဘူး။ လွှတ်တော်က ဒီနေ့မှ ပြီးတာကို"လို့ပြောပါတယ်။ သန်းမောင်ဦး Facebook အကောင့်အမည်နဲ့ ငါတို့ ရခိုင်ပြည်နယ် တိုင်းနဲ့ပြည်နယ် ၁၄ ခုထဲမှာ ပညာရေး အနိမ့်ကျဆုံး၊ စီးပွားရေး အနိမ့်ကျဆုံး၊ ကျန်းမာရေးဝန်ဆောင်မှု အနိမ့်ကျဆုံး စတဲ့ အချက်တွေကိုဝေဖန် ထောက်ပြခဲ့ပါတယ်။ ဒီလို ထောက်ပြ ဝေဖန်ခဲ့တာကြောင့် ပြည်နယ်အစိုးရရဲ့ ညွန်ကြားချက်နဲ့ ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ပြည်နယ်ပညာရေးဌာန ဒုညွန်ကြားရေးမှူး ဦးစိန်ထွန်းလှက တရားလို လုပ်ပြီး စစ်တွေ အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ။ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက“ကျနော်တို့ အဏာရှင်ဆန်ဆန်လုပ်တဲ့ဥစ္စာတွေကို အာဏာရှင် ခေတ်တုန်းက ပြုမှုခဲ့တဲ့ဟာတွေ မကြိုက်လို့ လွှတ်တော်အခန်းကဏ္ဍ၊ နိုင်ငံရေးအခန်းကဏ္ဍကို ဝင်လာတာဖြစ်တယ်။ အခုလူထုရွေးချယ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ရွေးချယ်ထားတဲ့ နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရဆိုတာ ရှိပြီးသား။ အာဏာရှင်စနစ်ကို မုန်းလို့ ပြည်သူတွေက ကျနော်တို့ကို မဲပေးခဲ့တယ်။ ကျနော်တို့ဘက်ကလည်း ဒီစနစ်ကို ပပျောက်ကြိုးစားဖို့ တာဝန်ရှိတယ်။ ကျနော်တို့က ဒီလိုဖြစ်လာလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူက ရွေးချယ်ထားတဲ့အစိုးရ ဖြစ်လို့ပဲ၊ ဒီလိုမျိုး အာဏာရှင်ဆန်ဆန်လုပ်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး”လို့ပြောပါတယ်။ အခုကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဦးမြသန်းကို ဒီကနေ့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ “ရခိုင်ပြည်နယ် အစိုးရကနေပြီးတော့ ဦးသန်းမောင်ဦးကို ၆၆(ဃ)နဲ့ ရဲစခန်းမှာ အမှုဖွင့်ထားခဲ့တယ်။ သူ့ကို ဖမ်းဆီးဖို့အတွက် ခွင့်ပြုချက်တောင်းတယ်။ အခုက လွှတ်တော် အစည်းအဝေးလည်း ပြီးပြီဆိုတော့ မနက်ဖြန် ဦးသန်းမောင်ဦးကို ရဲစခန်းမှာ သွားရောက်အပ်နှံမယ်” လို့ ပြောပါတယ်။ ဒါ့အပြင် ၆၆(ဃ)ဟာ အာမခံပေးလို့ရတဲ့ ပုဒ်မဖြစ်တာကြောင့် ရဲစခန်းမှာ အပ်နှံပြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ပြန်ထုတ်လာမယ်လို့ ဒုဥက္ကဋ္ဌ ဦးမြသန်းက ဆိုပါတယ်။ ပညာရေးဌာနတွေ အပါအဝင် ပြည်နယ်အစိုးရတို့ကို အာဃာတ အငြိုးအတေးတွေမပါဘဲ ပြည်သူတွေ ကောင်းစားရေးကိုရှေးရှုပြီး ဝေဖန်ထောက်ပြခဲ့တာလို့ ဦးသန်းမောင်ဦးက ပြောပါတယ်။ သတင်း - ဝဏ္ဏခွာညို

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024