မန္တလေးတွင် ခေတ်မီနည်းပညာသုံး ရေမီတာများ တပ်ဆင်မည်
DVB
·
June 7, 2018
မန္တလေးမြို့စည်ပင်သာယာရေးကော်မတီက ရေပေးဝေတဲ့နေရာမှာ မြန်မာနိုင်ငံမှာ ပထမဆုံးအသုံးပြုမယ့် ခေတ်မီနည်းပညာသုံး ရေမီတာတွေကို တပ်ဆင်ပေးဖို့ လုပ်ဆောင်နေပါတယ်။
မူလ အသုံးပြုထားတဲ့ ရေမီတာနေရာမှာ ခေတ်မီနည်းပညာသုံး မီတာကို ရှေ့ပြေး လုပ်ဆောင်ချက်အဖြစ် ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ်နဲ့ မဟာအောင်မြေ မြို့နယ်တို့မှာ မီတာအလုံးပေါင်း ၂၈၀၀ ကို လဲလှယ်မယ်လို့ လျှပ်စစ်ဌာန တာဝန်ရှိသူ ကပြောပါတယ်။
ဒီနည်းပညာသုံးမီတာကို တပ်ဆင်ချင်ပါက မီတာဖတ်စာရေးက အသုံးပြုသူတွေရဲ့ နေအိမ်တွေထဲကို ဝင်ရောက်ဖတ်စရာမလိုဘဲ လက်ကိုင်စက်အသုံးပြုပြီး အိမ်ရှေ့ကနေ ဖြတ်သွားရုံနဲ့ အိမ်ကအသုံးပြုထားတဲ့ ရေမီတာနံပါတ်ကို မီတာဖတ်စာရေးနဲ့ စည်ပင်ရုံးကြီးက ကွန်ပြူတာအတွင်း ကျသင့်ငွေပမာဏ ချက်ချင်းမှတ်တမ်းဝင်သွားမယ့် စနစ်သစ်ဖြစ်တယ်လို့ လည်း ပြောပါတယ်။
ဒီရေမီတာစနစ်က မသမာမှုတွေလုပ်ဆောင်လို့မရဘဲ မီတာအတွင်းအချက်ပေးစနစ်တွေ တပ်ဆင်ထားတယ်လို့ သိရပါတယ်။
နည်းပညာသုံး မီတာကို တပ်ဆင်မယ်ဆိုပါက ငွေကျပ် တစ်သိန်းပေးသွင်းရမှာဖြစ်ပြီး မူလရှိပြီးသား မီတာဟောင်းနဲ့ ပြောင်းလဲတပ်ဆင်မယ်ဆိုရင် ကျပ် ၆၅၀၀၀ ပေးသွင်းရမှာ ဖြစ်ပါတယ်။ မန္တလေးမြို့မှာ ရေမီတာသုံးစွဲသူပေါင်း တစ်သိန်းကျော်ရှိနေပါတယ်။