Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းဥပဒေချုပ်၏ အစီရင်ခံစာကို လွှတ်တော်အမတ်များကန့်ကွက်
Aung Ko Latt
·
June 7, 2018
  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဥပဒေချုပ်ရဲ့ ၂၀၁၇ ခုနှစ် လုပ်ငန်းဆောင်ရွက်ချက် တစ်နှစ်စာအစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်အများစုက ကန့်ကွက်ခဲ့တာကြောင့် လွှတ်တော်ကမှတ်တမ်းမတင်ဘဲ ပယ်ဖျက်ခဲ့ပါတယ်။ ဥပဒေချုပ်ရဲ့ တစ်နှစ်စာ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို ဒီကနေ့ ကျင်းပတဲ့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ဥပဒေချုပ်ကိုယ်တိုင်တင်သွင်းခဲ့တာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ပြန်လည်ဆွေးနွေး ကန့်ကွက်ခဲ့တာပါ။ ကန့်ကွက်ခဲ့တဲ့ ဘုလတင်မြို့နယ်အမတ် ဒေါက်တာ ဇေလင်းမောင်က “အစီရင်ခံစာက လိုရင်းမရောက်ဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေဆွေးနွေးတဲ့အပေါ်မှာ လိုရင်းတိုရှင်း ပြန်ဖြေတာမဟုတ်ဘူး။  ကျနော်တို့က ပိုပြီးကျစ်လစ်တဲ့အစီရင်ခံစာကို ရချင်တာပေါ့။ လက်ရှိအခြေအနေမှာ ဘယ်လိုအခက်အခဲတွေရှိလဲ။ အားနည်းချက်တွေကဘယ်လိုရှိတယ်။ အားသာချက်တွေက ဘယ်လိုရှိတယ်။ ပြင်ဆင်ရန်လိုအပ်တာတွေက ဘာတွေရှိတယ်ဆိုတဲ့ နှစ်ချုပ်အစီရင်ခံစာကို လိုချင်တယ်။ အခုက နှစ်ချုပ်အစီရင်ခံစာမဟုတ်ဘဲနဲ့ ဘယ်လိုဖြစ်လဲဆိုတော့ တချို့အမှုတွေက ဘယ်လိုဆိုတာက အများကြီးပြောတာ။ စာဝင်စာထွက်တွေကဘယ်လို စသည်အားဖြင့် အသေးစိပ်တွေပြောနေတာ။ နှစ်ချုပ် အစီရင်ခံစာမှာ ဒါတွေကမလိုအပ်ဘူး။ ဒီလိုအသေးစိပ်ဖတ်ပြတာက လျှို့ဝှက်အဆင့်ရှိတဲ့ စာတွေကို ဖွင့်ဖတ်သလိုဖြစ်သွားတယ်။ အဲဒါကြောင့် ကန့်ကွက်တာပါ။”လို့ ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးရဲ့ ဆွေးနွေးချက်ကို ပြန်လည်ဖြေကြားရာမှာ အချိန် တနာရီလောက်ကြာအောင် ပြန်လည်ဖြေကြားခဲ့တဲ့အတွက် လိုရင်းကို ဖြေပေးဖို့ကိုလည်း လွှတ်တော် ဥက္ကဌက ဥပဒေချုပ်ကို သတိပေးခဲ့ရပါသေးတယ်။ ဗန်းမောက်မြို့နယ် လွှယ်စားလှယ် ဦးညီညီဟန်ကတော့ တာဝန်ယူထားတဲ့ ဥပေဒချုပ်တစ်ယောက်က ဒီလိုသတ္တိရှိရှိ လွှတ်တော်မှာ တိုင်းသိပြည်သိ ပြောရဲတယ်ဆိုတာကို သဘောကျလို့ ထောက်ခံခဲ့တယ်လို့ ပြောပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့က ကန့်ကွက်တာတွေရှိခဲ့လို့ လွှတ်တော်ရဲ့ဥဒေနဲ့အညီ ထိုင်ထမဲခွဲဆုံးဖြတ်ရာမှာ မဲပေးခွင့်ရှိသူ ၈၁ ဦးရှိတဲ့အထဲက ၄၀ ဦးက ကန့်ကွက်ခဲ့ပြီး၊ ၁၄ ဦးထောက်ခံကာ ကြားနေ ၂၇ ဦးရှိခဲ့တဲ့အတွက် လွှတ်တော်က အစီရင်ခံစာကို မှတ်တမ်းမတင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ခုလိုဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး ဥပဒေချုပ်က “ဘယ်သူ့မှ ထိပါးတာ၊ စော်ကားတာ။ လွှတ်တော်ကိုလည်း စော်ကားတာမဟုတ်ဘူး။ ပုဂ္ဂိုလ်ရေးစော်ကားတာလည်း မဟုတ်ဘူး။ သို့သော်လည်း ဘယ်လိုမြင်ကြလဲ။ ငါပြောတဲ့စကား မမှန်တာပါလား။ မမှန်တာပါလို့ ကန့်ကွက်တယ်ဆိုရင် ကန့်ကွက်တဲ့သူတွေမှန်တယ်။ ငါပြောတာမှန်ပါရက်နဲ့ ကန့်ကွက်တယ်ဆိုရင် ဘယ်သူမှားလဲ။ ဆုံးဖြတ်ပေါ့။”လို့ လွှတ်တော်အပြီးမှာ ဒီဗွီဘီရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သက်တမ်းအတွင်း အစိုးရအဖွဲ့ဝင်တွေ တင်သွင်းတဲ့ တစ်နှစ်စာ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို ကန့်ကွက်ခဲ့တာက ဒီတကြိမ်ဟာ ပထမဆုံးလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024