Home
မြန်မာသတင်း
နေရပ်ပြန်မည့် ဒုက္ခသည်များဘေးကင်းလုံခြုံရန်လိုအပ်နေဟု ကုလအရာရှိပြော
DVB
·
June 7, 2018
  မြန်မာနိုင်ငံကို ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာကြမယ့်ဒုက္ခသည်တွေအတွက် ဘေးကင်း လုံခြုံရေးနဲ့ သက်သေခံအထောက်အထားရှိဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်  နပ်ထ်အော့စ်ထ်ဘီက ဇွန်လ ၆ ရက်က မြန်မာအစိုးရနဲ့ ကုလအေဂျင်စီတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲမှာ ပြောပါတယ်။ ကုလသမဂ္ဂဝန်ထမ်းတွေကို အကြမ်းဖက်ဘေးဒဏ်သင့် ရခိုင်ပြည်နယ် မြောက်ပိုင်းက အခြေအနေတွေကို အကဲဖြတ် ချင့်ချိန်နိုင်အောင်  ချက်ချင်း ခရီးသွားခွင့်ပြုပေးနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။ မနှစ်တုန်းက ကုလသမဂ္ဂ အဖွဲ့အစည်းတချို့ဟာ ရခိုင်ပြည်နယ်မှာ အကြမ်းဖက် စစ်သွေးကြွတွေကို စားနပ်ရိက္ခာ ထောက်ပံ့တယ်လို့ အစိုးရက ဝေဖန် ထောက်ပြခဲ့လို့ အစိုးရနဲ့ ကုလအဖွဲ့တို့အကြား ဆက်ဆံရေး အဆိုးရွားဆုံးအခြေအနေကို ရောက်ခဲ့ပြီးနောက်မှာ အခု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ ဖြစ်မြောက်လာတာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP တို့ဟာ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံကို ပြန်လာကြမယ့် သူတွေအတွက် ပံ့ပိုးကူညီဖို့အတွက် မြန်မာအစိုးရနဲ့ နေပြည်တော်မှာ မနေ့က ၃ ဦး ၃ ဖလှယ် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့တာပါ။ ဒီနားလည်မှုစာချွန်လွှာဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး အစီအစဉ်မှာ ကုလသမဂ္ဂနဲ့ အစိုးရအကြား သူတို့ဆန္ဒအလျောက် ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာ ရှိရှိနဲ့ ရေရှည်တည်တံ့နိုင်အောင် အထောက်အကူပြုမယ့် အခြေအနေတွေကို ဖန်တီးဖို့ ရည်ရွယ်တဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် မူဘောင်တခုကို တည်ဆောက်ဖို့ ပထမဆုံးနဲ့ မဖြစ်မနေ လိုအပ်တဲ့ အဆင့်တခု ဖြစ်တယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ လူ့အသိုင်းအဝန်းအားလုံးအတွက် တိုးတက်မှု ရှိပြီး လိုအပ်သလို ပြုပြင်ပြောင်းလဲ တည်ဆောက်နိုင်တဲ့ သက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ဖန်တီးရာမှာ အကူအညီပေးဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ-UN
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024