မြင်းခြံတွင် ပထမဆုံးအကြိမ် အသင်းပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

မြင်းခြံမြို့မှာ ပထမဆုံးအကြိမ်အဖြစ် အသင်းပေါင်းစုံ ဖူဆယ်​ဖိတ်​​ခေါ်ဖလား ​ဘောလုံးပြိုင်​ပွဲကို ဇွန်လ ၆ ရက်နေ့က စတင်ကာ ရက်သတ္တပတ်အကြာ ကျင်းပနေပါတယ်။ မြင်းခြံခရိုင်​၊ ပြန်​ကြား​ရေးနဲ့ ပြည်​သူ့ဆက်​ဆံ​ရေးဦးစီးဌာန၊ အားကစားနဲ့ ကာယပညာ ဦးစီးဌာနတို့နဲ့ ခရိုင်​လူငယ်​အသင်း (Youth Club) တို့ ​ပူး​ပေါင်းပြီး ဖူဆယ်​ဖိတ်​​ခေါ်ဖလား ​ဘောလုံးပြိုင်​ပွဲကို မြင်းခြံမြို့ရှိ စင်​​ရော်​ခြံဝန်းအတွင်းမှာ ကျင်းပနေတာပါ။ ခုလို ဖူဆယ်ဘောလုံးပြိုင်ပွဲတွေ ပြုလုပ်ပေးတာဟာ လူငယ်​လူရွယ်​​တွေ အားကစားကို စိတ်​ဝင်​စားလာပြီး လမ်းမှားမ​ရောက်​​ဖို့နဲ့ လက်ရွေးစင် အားကစားသမားတွေ ပေါ်ပေါက်လာဖို့အထိ ရည်မှန်းထားတယ်လို့ သိရပါတယ်။ စင်​​ရော်ခြံမှ ဦးမြင့်​ဟန်က "အရင်​တုန်းက​တော့ မြင်းခြံဂုဏ်​​ဆောင်​ ​မြေလတ်​ဒိုင်း ​ဘောလုံးအားကစားသမား​တွေ ​ပေါ်ထွန်းခဲ့ဖူးပါတယ်​။ ၂၀၁၆ မှာ ကလပ်​​ပေါင်းစုံ အားကစားပြိုင်​ပွဲ ကျင်းပခဲ့ဖူးတယ်​။ အဓိက ရည်​ရွယ်​ချက်​က​တော့ လူငယ်​​တွေ ကျန်းမာ​ရေးနဲ့ ပြည့်​စုံတဲ့ အနာဂတ်​မျိုးဆက်​​ကောင်း​တွေ ​ပေါ်ထွန်းလာဖို့နဲ့ အားကစားကို အမြဲတမ်း ထိ​တွေ့ကစား​နေ​တော့ ကျန်းမာသန်​စွမ်းတဲ့ လူငယ်​​တွေ ဖြစ်​​စေချင်​တဲ့အတွက်​ ဒီပြိုင်​ပွဲ ကျင်းပ ပြုလုပ်​​ပေးတာပါ။ ဆက်​ပြီး​တော့လည်း ဒီလိုပြိုင်​ပွဲ​တွေ ပြုလုပ်​​ပေးသွားဖို့ရှိတယ်" လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ ခုလို ဖူဆယ်​ဖိတ်​​ခေါ်ဖလား ​ဘောလုံးပြိုင်​ပွဲက​နေ ဝန်​ကြီးချုပ်​ဖလား အသက်​ ၂၅ နှစ်​​အောက် မြို့နယ်​​ပေါင်းစုံ ဖူဆယ်​​ဘောလုံးပြိုင်​ပွဲ ကျင်းပပြုလုပ်သွားမှာဖြစ်​ပြီး လက်​​ရွေးစင်​အားကစားသမားတွေ တဖန်​ ပြန်​လည်​ရွေးချယ်​သွားမှာ ဖြစ်​တယ်​လို့ သိရပါတယ်​။ မြင်းခြံခရိုင်​ အားကစားနှင့်​ ကာယပညာ ဦးစီးဌာန လက်​​ထောက်​ညွန်​ကြား​ရေးမှူး ​ဒေါ်ခင်​​အေးမူက "ဖူဆယ်​​ဘောလုံးက မြင်းခြံနဲ့ စိမ်း​နေခဲ့တယ်​။ ​ဘောလုံးကစားကြတာလည်း က​လေး​တွေက ကွင်းကြီး​တွေမှာပဲ ကစားကြတာများတယ်​။ ဖူဆယ်​ကို မကစားတတ်​ကြဘူး။ ပြီးခဲ့တဲ့နှစ်​ကစပြီး အား/ကာက​နေဦး​ဆောင်​ပြီး မြို့နယ်အားကစားခန်းမထဲမှာ ပွဲတ​ပွဲ ကျင်းပပြုလုပ်​​ပေးခဲ့တယ်​။ အဲလိုလုပ်​​ပေး​တော့ မြို့ပေါ်က အားကစားသမား​တွေ စိတ်​ဝင်​စားလာကြတယ်​။ ခုပြိုင်​ပွဲက​နေ လက်​​ရွေးစင်ကစားသမား ရွေးသွားမှာဖြစ်​တယ်​" လို့ ဆိုပါတယ်​။ ပြိုင်ပွဲဝင် အသင်းတသင်းဖြစ်တဲ့ ​ကျောက်​ဘီလူးအသင်းမှ ကိုစိုင်းခန့်​​အောင်​ကလည်း "ဒီနှစ်​မှ ဖူဆယ်​ကစားနည်းဆိုတာ မြင်းခြံကို ရောက်​လာတာပါ။ အရင်​က မကစားဖူးပါဘူး။ ငယ်​ငယ်​တည်းက ​ဘောလုံးကစားရတာ ဝါသနာပါတယ်​။ ဖူဆယ်​​ဘောလုံးကစားနည်းကိုလည်း နှစ်​သက်​တယ်​" လို့ ဆိုပါတယ်​။ ဒီဖိတ်​​ခေါ် ဖူဆယ်​​ဘောလုံးပြိုင်​ပွဲမှာ အသင်း​ပေါင်း ၂၉ သင်း ပါဝင်​ယှဉ်​ပြိုင်​ကြမှာဖြစ်​ပြီး ပထမဆု ၃ သိန်း၊ ဒုတိယဆု ၁ သိန်းခွဲ၊ တတိယဆု ၇ သောင်းခွဲ ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - ရီရီထွန်း (မြင်းခြံ)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up