Home
မြန်မာသတင်း
မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ နေ့တိုင်း ဖမ်းဆီးနေဟု မွန်ဝန်ကြီးချုပ် ပြော
DVB
·
June 7, 2018
မွန်ပြည်နယ်မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး မဖမ်းတဲ့နေ့ တနေ့မှမရှိဘဲ မူးယစ်ဆေးဝါး ကိစ္စကို ပြည်သူတွေမပါဘဲ လွှတ်တော်ရော၊ အစိုးရအဖွဲ့ရော ထိန်းသိမ်းနိုင်လိမ့်မယ် မထင်ဘူးလို့ မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။ ဇွန်လ ၅ ရက် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ချောင်းဆုံမြို့နယ် လွှတ်တော်အမတ်  ဒေါက်တာအောင်နိုင်ဦးက မေးမြန်းရာမှာ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသွားတာပါ။ မနှစ်က ဝန်ကြီးချုပ်အဖြစ် တာဝန်ရယူ ကတိသစ္စာပြုပြီးတာနဲ့ ပြောခဲ့တဲ့ မိန့်ခွန်းမှာ “မူးယစ်ဆေးဝါးပြဿနာ၊ ရာဇဝတ်မှုတွေ၊ လောင်းကစားမှုတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသွားမယ်၊ မူးယစ်ဆေးဝါး သုံးစွဲနေသူတွေအပြင် လက်လီလက်ကား ဖြန့်ဖြူးနေသူတွေကို ရပ်တန်းကရပ်ဖို့နဲ့ ထိထိရောက်ရောက် နှိမ်နှင်းမယ်လို့ ဒီနေရာမှ သတိပေးပါကြောင်း” လို့ မိန့်ကြားခဲ့တာဟာ အားရဖွယ်ဖြစ်တယ်လို့ လွှတ်တော်အမတ်က ပြောပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ်အနေနဲ့ ဘယ်လို ဆောင်ရွက်မယ်ဆိုတာကို လူထုကြားမှာ စိတ်ဝင်စားနေပြီး မိန့်ခွန်းမှာ ပြောခဲ့တာတွေကို အစိုးရအဖွဲ့အနေနဲ့ ဘယ်လို မူဝါဒတွေချမှတ်ပြီး ဘယ်လို စီမံနေတယ်ဆိုတာ သိချင်တယ်လို့ မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းကို ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ဖြေဖို့လုပ်ခဲ့ပေမယ့် ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းအပေါ် မေးတာဖြစ်လို့ ဝန်ကြီးချုပ်ဖြေတာက ပိုသင့်တော်မယ်လို့ လွှတ်တော်ဥက္ကဋ္ဌက ပြောတဲ့အတွက် ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ဖြေကြားခဲ့ပါတယ်။ “မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး မဖမ်းဆီးတဲ့နေ့ တနေ့မှ မရှိဘူး။ ဥပမာအားဖြင့်ပြောရင် မော်လမြိုင်ထောင်မှာ လူ ၁၀၀၀ ဆံ့ပါတယ်။ တကယ်နေရတာက ၁၉၀၀ ပါ။ သထုံထောင်၊ ၁၅၀ ဆံ့ပါတယ်။ တကယ်နေရတာက ၁၀၀၀ ပါ။ အဲဒီဟာတွေအားလုံးရဲ့ ၆၅ ရာခိုင်နှုန်းဟာ မူးယစ်ဆေးဝါးပါ။ ထောင်ထဲမှာ ဝါးစင်ထိုးပြီး နှစ်ထပ် အိပ်ရလောက်အောင် ဖမ်းခဲ့တာပါ။ ဒီ မူးယစ်ဆေးဝါးပြဿနာနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့မှာပဲ တာဝန်ရှိတာလား၊ အစိုးရအဖွဲ့မှာပဲ တာဝန်ရှိတာလား၊ လွှတ်တော်မှာပဲ တာဝန်ရှိတာလား၊ မွန်ပြည်နယ်မှာ ရှိနေတဲ့ ပြည်နယ်သူ ပြည်နယ်သားတွေနဲ့ မြန်မာနိုင်ငံသားအားလုံးတို့မှာ တာဝန်ရှိပါတယ်” လို့ ပြောပါတယ်။ မူးယစ်ဆေးဝါးပြဿနာဟာ မွန်ပြည်နယ်တင်မက တပြည်လုံးရော၊ တကမ္ဘာလုံးမှာရော ရှိနေပြီး မူယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ဥပဒေတချို့ကို ပြင်ဆင်နေတယ်၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး မူဝါဒါဒချဖို့မှာလဲ အင်မတန်ကျယ်ပြန့်ပြီး မေးခွန်းလွယ်ပေမယ့် ဖြေဖို့ ခက်တယ်လို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။ “ပြည်သူလူထု မပါဘဲနဲ့ ဒီမူးယစ်ဆေးဝါးကို လွှတ်တော်ရော၊ အစိုးရအဖွဲ့ရော ထိန်းသိမ်းနိုင်လိမ့်မယ်လို့တော့ လုံးဝကို စိတ်ကူးလို့ မရဘူး။ မူးယစ်ဆေးဖြတ်ဌာနတွေ ဖွင့်ဖို့ဆိုတာကလည်း အပြောလွယ်သလောက် အလုပ်ခက်ပါတယ်” လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးဖြတ်ပေးနိုင်တဲ့ ဆရာဝန်တွေလည်း ရှားပါးပြီး မော်လမြိုင်မှာ တယောက်၊ နှစ်ယောက်ပဲ ရှိတယ်၊  မော်လမြိုင်၊ ကျိုက်မရော၊ သံဖြူဇရပ်တွေကို လိုက်လံ ဆောင်ရွက်ပေးနေရတယ်လို့ ပြောပါတယ်။ ရာဇဝတ်မှုတွေအနေနဲ့ကလည်း သက်ဆိုင်ရာ တရားရေးဌာနက တရားဝင် ပြစ်ဒဏ်ပေးတဲ့ အရေအတွက်ကို ကြည့်ရင် နည်းလာတယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ လောင်းကစားနဲ့ ပတ်သက်ပြီး အခြေခံဇာစ်မြစ်ဟာ ဆင်းရဲမွဲတေမှုနဲ့ အလုပ်အကိုင် ရှားပါးမှုကြောင်ြ့ဖစ်ပြီး  ပြည်နယ်ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုရင် လောင်းကစား၊ ရာဇဝတ်မှုတွေနဲ့ မူးယစ်ဆေးဝါးမှုတွေပါ ပပျောက်သွားမယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024