Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ(ရုပ်သံ)
DVB
·
June 6, 2018
  ဒီတပတ်ရဲ့ဒီဗွီဘီရဲ့Movie Crazy - DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ Movie Crazy တွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ဇာတ်ကားတကားကတော့ ဟောလိဝုဒ်နာမည်ကြီး မင်းသား Nicolas Cage ခေါင်းဆောင် ပါဝင်ထားတဲ့ 211 အမည်ရတဲ့ ဇာတ်ကားပါ။ ဒီကားကိုတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ York Alec Shackleton က ကိုယ်တိုင် ဇာတ်ညွှန်းခွဲ ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားဟာ အက်ရှင်ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားတကားဖြစ်ပြီး Nicolas Cage ကတော့ Mike Chandler ဆိုတဲ့ ရဲအရာရှိတဦးအဖြစ် သရုပ်ဆောင် ပါဝင်ထားခဲ့တာပါ။ 211 ဆိုတာကတော့ အမေရိကန်နိုင်ငံမှာ ရဲတွေအတွက် Robbery Code အနေနဲ့ အသုံးပြုတဲ့ Code တခုဖြစ်ပြီး ဒီကားကတော့ သွေးထွက်သံယိုမြင်ကွင်း ပြကွက်တွေနဲ့ ဘဏ်ဓားပြမှုမှာ ဘယ်လိုအပြန်အလှန် တိုက်ခိုက်ကြမလဲဆိုတာကို ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ၁၉၉၇ ခုနှစ်က Los Angeles မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ Battle of North Hollywood လို့ ရည်ညွှန်းပြောကြရတဲ့ ဘဏ်ဓားပြမှုတခုမှာ L.A ရဲဌာနနဲ့ အင်အားကြီး လက်နက်ကိုင်ဓားပြတွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ကြရတဲ့ အခြေအနေပေါ် အခြေပြု ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ မင်းသားကြီး Nicolas Cage နဲ့အတူ တခြားသရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား Cory Hardrict , Dwayne Cameron, မင်းသမီး Sophie Skelton တို့ကပါ အတွဲညီညီ ကြမ် ကြမ်းရမ်းရမ်း သရုပ်ဆောင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ သွေးထွက်သံယို ပြကွင်းပြကွက်တွေ ပါဝင်နေတာမို့ ဒီကားကိုတော့ Rated R အဆင့် သတ်မှတ်ထားပါတယ်။ Millennium Films ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်လိုက်တဲ့ ဒီကားကိုတော့ လာမယ့် ဇွန်လ ၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒုတိယတကား မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Music Drama အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Hearts Beat Loud ပါ။ ဒီကားကိုတော့ ဒါရိုက်တာ Brett Haley က ရိုက်ကူးထားတာဖြစ်ကာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့မှာတော့ Sundance Film Festival မှာ ပထမဆုံး ပြသခဲ့ပြီး အားပေးမှုတွေ ရရှိထားတာ ဖြစ်ပါတယ်။ ဂီတကို ဝါသနာကြီးတဲ့ Single Dad ဖခင်ဖြစ်သူနဲ့ သမီးဖြစ်သူကြားက ချစ်ခြင်းမေတ္တာတွေကိုရော ဂီတနဲ့ ဝါသနာ၊ ရှင်သန်ရပ်တည်မှုကြားမှာ ကြိုးစားကြပုံတွေကို ပုံဖော်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ သရုပ်ဆောင်မင်းသား Nick Offerman နဲ့ မင်းသမီး Kiersey Clemons တို့က Frank Fisher နဲ့ Sam Fisher သားအဖအဖြစ် အတွဲညီညီ ခေါင်းဆောင်ပါဝင်ထားကြတာပါ။ ဒီရုပ်ရှင်ကားထဲမှာ Frank ကတော့ Record Store Owner တယောက်လည်း ဖြစ်ပြီး Music ကို ဝါသနာကြီးတဲ့သူ၊ သမီးဖြစ်တဲ့ Sam ကတော့ ဆေးကျောင်းသူတဦး ဖြစ်ပြီး နွေရာသီ အိမ်ပြန်လာချိန်မှာ သားအဖ ၂ ယောက် Music နဲ့ပတ်သက်ပြီး စကားတွေ ပြောကြ၊ မျှဝေကြ၊ သီချင်းတွေ ဖန်တီးမိကြတယ်။ သူတို့ သားအဖ နှစ်ယောက် Band တခုအနေနဲ့ ဖန်တီးထားတဲ့ သီချင်းတပုဒ်ကို အင်တာနက်ပေါ် မျှဝေခဲ့ချိန်မှာ ပေါက်သွားတဲ့အချိန်မှာ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုတာတွေကို ခပ်မြူးမြူး Music Drama ပုံစံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၉၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Movie Crazy တွကို တတိယမြောက် မိတ်ဆက်ပြောပြပေးချင်တဲ့ ဇာတ်ကားတကား ရှိပါတယ်။ ဒီကားကတော့ ‘ကျွန်တော်တို့ချစ်သော’လို့ အမည်ရတဲ့ မြန်မာရုပ်ရှင်ကားတကားပါ။ သမားရိုးကျပုံစံကနေ ကွဲထွက်လာတဲ့ ပုံစံတမျိုးနဲ့ ထွက်ရှိလာတဲ့ ဒီရုပ်ရှင်ကားကတော့ စစ်ကားတကား ဖြစ်ပေမယ့် ပေါ်လစီမပါတဲ့ မြန်မာစစ်ကားဖြစ်တယ်ဆိုပြီး ကြော်ငြာထားပါတယ်။ ဝတ္ထုကတော့ တင်အောင်စိုး(ပန်းမြို့တော်)ဖြစ်ပြီး ဒါရိုက်တာ ဝင်းဆောင် (နေကြာရိုင်း)က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ရှေ့တန်းစစ်မျက်နှာပြင်နဲ့ တပ်မတော်သားတွေရဲ့ ဘဝအခြေအနေတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ သရုပ်ဆောင် မင်းသား စိုးရန်အောင်နဲ့ မင်းသမီး မိုးယုစံတို့က ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားဟာလည်း မထွက်ခင်ကတည်းက Trailer မှာတင် နာမည်ကြီးနေခဲ့တာ ဖြစ်ပြီး ဇာတ်ဝင်သီချင်းတပုဒ်ဖြစ်တဲ့ ‘သူရဲကောင်းအစစ်’ သီချင်းဟာလည်း နာမည်ကြီး နေပါတယ်။ ဒီသီချင်းကိုတော့ တေးရေး အကယ်ဒမီ ဓီရာမိုရ်က ရေးစပ်ထားကာ အဆိုတော် ထက်လူနဲ့ မေမင်းတို့က သီဆိုပေးထားကြတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တာကတော့ Bollywood ရုပ်ရှင်ပရိသတ်တွေအတွက် Race 3 လို့အမည်ရတဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ ဦးဆောင်ပါဝင်ထားကြတဲ့ သရုပ်ဆောင်တွေကတော့ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီး ဖြစ်တဲ့ ဘောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသား Salman Khan, Anil Kapoor တို့နဲ့အတူ မင်းသမီး Jacqueline Fernandez တို့က ဦးဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ Action Thriller ပရိသတ်တွေ အကြိုက်တွေ့မယ့် Hindi စကားပြော ဒီရုပ်ရှင်ကားကိုတော့ ဒါရိုက်တာ Remo D’Souza က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ အဖျက်အမှောင့်လုပ်ရပ်တွေနဲ့ လူဆိုးတွေ နှောင့်ယှက်ခံရတဲ့ ချမ်းသာတဲ့ မြေပိုင်ရှင်တဦး အကြောင်းကို အခြေတည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားဟာ Race Series ရုပ်ရှင်အနေနဲ့ တတိယမြောက် ထွက်ရှိလာတာဖြစ်ပါတယ်။ ပထမဆုံးကားကတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Race 2 ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိထားတာ ဖြစ်ပါတယ်။ Salman Khan Films နဲ့ Tips Films တို့ ပူးပေါင်း ထုတ်လုပ်လိုက်တဲ့ ဒီရုပ်ရှင်ကားဟာ ကြာမြင့်ချိန် မိနစ် ၁၂၀ ရှိပြီး လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ဇာတ်ကားကတော့ ဟောလိဝုဒ် ဇာတ်ကားတကားဖြစ်တဲ့ Hotel Artemis ဆိုတဲ့ ရုပ်ရှင်ကားပါ။ ဒီကားကတော့ Action Crime Sci-fi Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်ပြီး ဒါရိုက်တာ Drew Pearce က ကိုယ်တိုင် ဇာတ်ညွှန်းခွဲ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်း အခြေတည်ထားခဲ့တာကတော့ အနာဂတ်ကာလကို ပုံဖော်ထားပြီး ရာဇဝတ် အပြစ်သားတွေအတွက် Los Angeles မှာ Hotel Artemis အမည်နဲ့ လျှို့ဝှက်ဖွင့်လှစ်ထားတဲ့ Underground Hospital တခုအကြောင်း။ လာမယ့် ၂၀၂၈ ကာလကို ပုံဖော်ရိုက်ကူးထားတဲ့ ဒီဆေးရုံကို ဖွင့်လှစ်ထားတာကတော့ သူနာပြု အမျိုးသမီးတယောက်ပါ။ Jean Thomas အမည်ရတဲ့ အဲဒီသူနာပြုအမျိုးသမီးနေရာမှာ မင်းသမီး Jodie Foster က ခေါင်းဆောင်ပါဝင်ထားတာ ဖြစ်ပြီး နောက်ပိုင်းမှာ လူနာတွေထဲက တယောက်ဟာ တခြားသူတွေကို လုပ်ကြံသတ်ဖြတ်ဖို့အထိ ဖြစ်လာတဲ့အခါမှာ ဘာတွေ ဆက်ဖြစ်လာလိမ့်မလဲဆိုတာကို ရင်တမမနဲ့ စောင့်ကြည့်ကြရမယ့် ဇာတ်ကားဖြစ်ပါတယ်။ တခြားသရုပ်ဆောင်တွေအနေနဲ့ မင်းသား Sterling K. Brown, Jeff Goldblum တို့နဲ့ အတူ မင်းသမီး Sofia Boutella တို့က တွဲဖက်ပါဝင်ထားခဲ့ကြတာပါ။ ကြမ်းတမ်းတဲ့ ပြကွင်းပြကွက်တွေ၊ တိုက်ခိုက်မှုတွေနဲ့ ကြမ်းကြမ်းရမ်းရမ်း ဇာတ်ဝင်ခန်းတွေ ပါဝင်နေတာမို့ ဒီကားကိုတော့ Rated R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၉၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၈ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
Movie Crazy - DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီမှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။
ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉ နာရီခွဲ၊ စနေနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်နဲ့ တနင်္ဂနွေနေ့မနက် ၉ နာရီ ၁၅ မိနစ်တို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy - DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024