ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ စစ်တွေကမ်းခြေတလျှောက်အမှိုက်ကောက်
DVB
·
June 6, 2018
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရခိုင်လူငယ်မျိုးဆက်သစ်အဖွဲ့က ဦးဆောင်ပြီး ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ စစ်တွေကမ်းခြေတလျှောက် အမှိုက်ကောက်ခဲ့ကြပါတယ်။
အစိုးရအပါအဝင် ပြည်သူတွေလည်း ပူးပေါင်းပါဝင်ဖို့လိုတယ်လို့ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူတွေက ပြောပါတယ်။ သက်ဆိုင်ရာအစိုးရအနေနဲ့ အမှိုက်လိုက်သိမ်းတဲ့နေရာမှာ စနစ်တကျသိမ်းဆည်းမှု အားနည်းချက်တွေ ရှိနေတယ်လို့ လူငယ်တွေက ဆိုပါတယ်။
ဇွန် ၅ ရက်မှာကျရောက်တဲ့ ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ စစ်တွေမြို့ ပွိုင့်ကမ်းတလျှောက်မှာ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူတွေက အမှိုက်ကောက် လုပ်ဆောင်ခဲ့သလို ကျောင်းသူလူငယ်တွေကလည်း ပွိုင့်ကမ်းခြေမှာ ပန်းချီဆွဲတာနဲ့ အမှိုက်ကောက်တာတွေကို ပူးပေါင်းပြုလုပ်ခဲ့ ပါတယ်။
သတင်း - ၀ဏ္ဏခွာညို