Home
မြန်မာသတင်း
မလေးရှားတွင် ဖမ်းမိသည့် မူးယစ်ဆေးများနှင့်ဆက်နွှယ်တရားခံများကို ဖမ်းဆီး၊ အဓိကတရားခံ လွတ်မြောက်နေ
DVB
·
June 6, 2018
မလေးရှားနိုင်ငံမှာ စံချိန်တင်ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက် ဆက်စပ်တဲ့ ကွင်းဆက်တရားခံတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး အဓိက တရားခံ တဦးကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။ မလေးရှား အကောက်ခွန်ဌာနက  စီမရစ်မြို့ ကုန်လှောင်ရုံမှာ မေ ၂၂ ရက်က မလေးရှားနိုင်ငံသား ၃ ဦးနဲ့ မြန်မာနိုင်ငံသား ၃ ဦးတို့ကို မက်အဖက်တမင်း ၁၁၈၇ ကီလိုဂရမ်နဲ့  ဘိန်းဖြူ ၇၅၀ ဂရမ်တို့ကို ဖမ်းဆီးရမိခဲ့ပြီ;နောက် ကွင်းဆက်တရားခံတွေကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့တာပါ။ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး မြန်မာရဲတပ်ဖွဲ့က စုံစမ်းရာမှာ ရန်ကုန်မြို့ရှိ Nice Guy Clearence Service Agency က ကုန်သေတ္တာအမှတ် (FSCU 9911521) ထဲမှာ စားသောက်ကုန်တွေနဲ့ မူးယစ်ဆေးဝါးတွေကို ရောနှောထည့်ပြီး မလေးရှားနိုင်ငံကို တင်ပို့ခဲ့ကြောင်း စိစစ်တွေ့ရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကတဆင့် မလေးရှားနိုင်ငံကို ပို့ဆောင်ဖို့ကိုတော့ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်း၊ ပထမထပ်၊ မ/၅၀(A)နေ ရှော်ရိတ် အာမောက်ရဲ့သား မောင်မောင်(ခ)Hj Yassin (၄၄-နှစ်)က လာရောက် ဆက်သွယ်မှုအရ U Kaung Trading Co.Ltd မှ တာဝန်ယူ ပို့ဆောင်ပေးခဲ့တာလို့ သိရပါတယ်။ မောင်မောင်(ခ)Hj Yassin နဲ့ အပေါင်းအပါတွေကို  စုံစမ်းဖော်ထုတ်နိုင်ဖို့ ဇွန် ၂ ရက်မှာ ဆိပ်ကမ်းမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၀(က)/၂၀(ခ)/၂၁ နဲ့ အမှုဖွင့်ပြီး ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ဇွန် ၂ ရက်မနက်မှာ ဆက်စပ်တရားခံ အမျိုးသားတဦးကို ဖမ်းဆီးရမိခဲ့ပြီး အဓိကတရားခံ မောင်မောင်(ခ)Hj Yassin ကတော့  မေလ ၃၀ ရက်ကတည်းက TOYOTA LEXUS ယာဉ်အမှတ် YGN 5L-8088 နဲ့အတူ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိတဲ့ တရားခံတွေရဲ့ ဖော်ထုတ်ပြောပြချက်အရ မောင်မောင်(ခ)Hj Yassin ဟာ မူးယစ်ဆေးဝါးတွေကို လှည်းကူးမြို့နယ်ရှိ Nice Guy ရေသန့်စက်ရုံကတဆင့် အောက်ပုဇွန်တောင်လမ်းရှိ ဂိုထောင်သို့ 3I – 8917 Bongo Box ယာဉ်နဲ့ သယ်ဆောင်ခဲ့ပြီးနောက် သင်္ဘောတင်ပို့ခဲ့တာလို့ ဆိုပါတယ်။ အဓိက တရားခံ မောင်မောင်(ခ)Hj Yassinရဲ့ နေအိမ်ကို ဝင်ရောက်စစ်ဆေးရာ နေအိမ်ခန်း မီးခံသေတ္တာအတွင်းမှ ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၂၅၀ ခန့်ရှိ လက်ဝတ် ရတနာမျိုးစုံ ၁၉ မျိုး၊ YGN 5L-8088 TOYOTA LEXUS ယာဉ်ကို ငွေကျပ်သိန်း ၁၀၉၀ နဲ့ ဝယ်ယူထားတဲ့ စာချုပ်နဲ့ တခြားစာရွက်စာတမ်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။ မောင်မောင်(ခ)Hj Yassin ထွက်ပြေးတိမ်းရှောင်စဉ် မောင်းနှင်သွားတဲ့  TOYOTA LEXUS ကားကို ဇွန်လ ၃ ရက် ညသန်းခေါင်မှာ တာမွေခုံးကျော်တံတားအောက်မှာ တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။ တရားခံ မောင်မောင်နဲ့ ပူးပေါင်းပါဝင်သူတွေက မြန်မာနိုင်ငံရှိ ဘဏ်အသီးသီးမှာ ငွေစာရင်း ဖွင့်လှစ်ထားရှိမှုကို ဇွန်လ ၄ ရက်က စုံစမ်းစစ်ဆေးခဲ့ရာတော့  ပုဂ္ဂလိကဘဏ် နှစ်ခုမှာ မောင်မောင်(ခ)Hj Yassin ငွေစာရင်းနဲ့ ဆက်စပ်တရားခံ ၁ဦးတို့ ငွေစာရင်းကနေ ကျပ်သိန်းပေါင်း ၂၈၀၀၀ ကျော်နဲ့ ATM ကတ် ၂ ခုတို့အား စစ်ဆေးတွေ့ရှိရလို့ အဆိုပါငွေကြေးတွေကို ယာယီ ပိတ်သိမ်းထားတယ်လို့ သိရပါတယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့ အဓိကတရားခံ မောင်မောင်(ခ)Hj Yassin နဲ့ ပူးပေါင်းပါဝင်သူတရားခံတွေကို  အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ ဆက်လက် စစ်ဆေးဆောင်ရွက်နေတယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံကနေ ရွှေရောင်လက်ဖက်ရည်ထုပ်တွေပုံစံ ထုပ်ပိုးပြီး သင်္ဘောနဲ့ တင်ပို့လိုက်တဲ့ မလေးရှားရင်းဂစ်ငွေ ၇၁ သန်း(အမေရိကန်ဒေါ်လာ ၁၈ သန်း) တန်ဖိုးရှိ မက်သာဖက်တမင်း စိတ်ကြွမူးယစ်ဆေး အလေးချိန်  ၁ ဒသမ ၂ တန်လောက်ကို စံချိန်တင် ဖမ်းဆီးရမိခဲ့ပြီး ဒါဟာ ဖမ်းဆီးမိသမျှ တန်ဖိုးအရရော၊ ပမာဏအရပါ အများဆုံးဖြစ်တယ်လို့ မလေးရှားအာဏာပိုင်တွေက မေ ၂၈ ရက်မှာ ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ - MOI
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024